(သူတို့မိုးဗြဲကို ထိန်းချုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက်က မကောင်းဘူးပေါ့နော်။ ဒါကြောင့်လည်း သူတို့မထိန်းနိုင်အောင် မြို့ပျက်ရင်ပျက်ပါစေ အတက်နိုင်ဆုံးတော့ တော်လှန်မှာပဲ)
သံလွင်ခက်
ဇွန် ၆ ၊ ၂၀၂၃ ။
ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူများပေး၍ မိုးဗြဲမြို့တွင်းကို စစ်ကြောင်းထိုးလာခဲ့သောကြောင့် ယမန်နေ့တွင် တစ်နေကုန်နီးပါးပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်း၌လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။
” ၄၂၂ အဆင်းမြို့ဦးရပ်ကွက်မှာ မနေ့ကတစ်နေ့ကုန်နီပါးတိုက်ပွဲ ဖြစ်တာ။ ညောင်ဝိုင်းမှာလည်း သူတို့တပ်ပြန်စွဲတယ်။ မြို့ဦး၊ စည်ကား၊ ကွဲကုန်း၊ ညောင်ဝိုင်းတို့က တစ်ဆက်တည်းထဲပဲ ။ အခုမနက်က အနီးကပ်မဖြစ်သေးဘူး ။အဝေးကနေ ပစ်နေတာပဲ ရှိတယ် ။ ထိပ်တိုက်အကြီးအကျယ်မျိုး မဟုတ်သေးဘူးပေါ့နော် “ဟု မိုးဗြဲPDF တပ်ရင်း၁မှ တပ်ရင်းမှူး ဗိုလ်ကျောက်ဆောင်က သံလွင်ခက်ကို ပြောသည်။
ကရင်နီဒေသတွင်းကို စစ်ရေးလမ်းကြောင်းအရ အရေးပါသည့် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီကအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ ဆင်းလားသည့် အင်အား ၁၅၀ကျော်ရှိ စစ်ကောင်စီတပ်များက မိုးဗြဲမြို့အဝင် နေရာများတွင်တပ်စွဲထားသည်။
ထို့ပြင် လွိုင်ကော်ဘက်မှလည်း တင့်ကားများပါပြီး အင်အား၁၀၀ ကျော်ဖြင့် မိုးဗြဲမြို့ဘက်ကို စစ်ကြောင်းထိုးလာနေသည်ဟု သိရသည်။
” လွိုင်ကော်ဘက်က စစ်ကြောင်းထိုးလာတာသတင်းရတယ်။ တင့်ကားတွေလည်းပါတယ်လို့သိရတယ်။အခြေအနေစောင့်ကြည့်နေတယ်။ မရောက်သေးဘူးပေါ့နော်။ သူတို့မိုးဗြဲကို ထိန်းနိုင်မယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက်က မကောင်းဘူးပေါ့နော်။ ဒါကြောင့်လည်း သူတို့မထိန်းနိုင်အောင် မြို့ပျက်ရင်ပျက်ပါစေ အတက်နိုင်ဆုံးတော့ တော်လှန်မှာပဲ “ဟု တပ်ရင်းမှူး ဗိုလ်ကျောက်ဆောင်က သံလွင်ခက်ကိုပြောသည်။
မိုးဗြဲမြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) ၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ကြား ယမန်နေ့၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၍ လက်နက်တစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု မိုးဗြဲPDF တပ်ရင်း၁က ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအတွင်း၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ ထက်မနည်းပစ်ခတ်ခဲ့သောကြောင့် မိုးဗြဲမြို့တွင်းမှ ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်ဟု မိုးဗြဲPDF တပ်ရင်း၁ကဖော်ပြထားသည်။
” လက်နက်ကြီးနဲ့က ၄၂၂ ၊ ဝါရီဆူပလိုင် နှစ်နေရာကနေပစ်တာ။ ဖယ်ခုံကနေလည်း တစ်ခါတစ်ခါပစ်တယ်။ မြို့ထဲကို လက်နက်ကြီးက အလုံး ၅၀ ၊ ၁၀၀ လောက် ကျနေတာ “ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းမထိုးမီ အရှေ့ရက်ပိုင်းကတည်းက လက်နက်ကြီးများဖြင့်ပစ်ခတ်နေခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၆ ဦးအသက်ဆုံးရှုံးထားရပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်မှုနှင့် လက်နက်ကြီးများ အဆက်မပြတ် ကျနေသောကြောင့် ဒေသခံများလည်း ဘေးလွတ်ရာရှောင်တိမ်းနေကြရသည်ဟု သိရသည်။
ပုံစာ–မိုးဗြဲမြို့တွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များပျက်စီးမှု ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1334
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4956
Website ->https://eng.thanlwinkhet.net