ကောင်းချစ်အောင်
ဇွန် ၃၊ ၂၀၂၃။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်ခင်ရန်းရွာမှ ပြည်သူများကို ပျူစောထီးအဖွဲ့ထဲဝင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖိအားပေးစေခိုင်းနေသောကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တောင်ခင်ရန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ပြီးခဲ့သည့် မေလ ၂၈ရက်တွင် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ တောင်ခင်ရန်းရွာလူထုအား အစည်းဝေးခေါ်ခဲ့ပြီး ရပ်ရွာကာကွယ်ရန်ဟူသည့်အကြောင်းပြချက်ဖြင့် ပျူစောထီးအဖွဲ့ထဲဝင်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။
ထိုအခြေအနေနှင့်ပတ်သက်၍ ABSDF စစ်ကြောင်း ၃ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က“ကျွန်တော်တို့အဖွဲ့တွေ တောင်ခင်ရန်းရဲစခန်းကို မေ၂၅မှာ ဝင်တိုက်ပြီး နောက်ရက်တွေကတည်းက တစ်အိမ်တစ်ယောက်မဝင်မနေရပုံစံမျိုးနဲ့ ဖိအားပေးနေခဲ့တာ ၂၈ကျ တော့အစည်းအဝေးခေါ်တာပါ“ဟု သံလွင်ခက်ကိုပြောသည်။
အဆိုပါအစည်းအဝေးပြီးသည့်နောက်ပိုင်းတွင် ပြည်သူ၇ဦး ပျူစောထီးအဖွဲ့ထဲဝင်ရောက်ခဲ့ပြီး အများစုမှာ မဝင်လိုဘဲ ရွာမှ စွန့်ခွာထွက်ပြေးလာကာ နီးစပ်ရာတောစပ်များတွင် ရှောင်တိမ်းနေကြရသည်ဟု ကူညီနေသူများထံမှ သိရသည်။
ထောင်နှင့်ချီသည့် နေရပ်စွန့်ခွာပြည်သူများအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယာယီတဲများဆောက်လုပ်ပေးနေပြီး ကာလရှည်ကြာနိုင်သောကြောင့် စားဝတ်နေရေးအခက်ကြုံလာနိုင်သည်ဟု ရဲဘော်ပြည့်ဖြိုးကျော်ကဆိုသည်။
“တော်လှန်ရေးသမားတွေဆိုတာကလည်း လုပ်အားဘဲ စိုက်ထုတ်နိုင်တာ ပြီးတော့ တောထဲမှာ ရှိတဲ့ သစ်လေး ၊ ဝါးလေး ခုတ်ပြီး ယာယီတဲဆောက်ပေးနေရတာပါ။လောလောဆယ်ကတော့ ရှိတာလေးတွေ စားနေရတာပေါ့။ စားဝတ်နေရေးအတွက်ကတော့ ခက်ခဲလာနိုင်တာပဲဗျ“ဟု ဆိုသည်။
လက်ရှိတွင် ရှောင်တိမ်းနေရသည့်ပြည်သူအရေအတွက် အတိအကျသိနိုင်ရန် စာရင်းကောက်ခံနေပြီး အခိုင်အမာနေအိမ်အသစ်များအထိ ဆောက်လုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
မေလ၂၅ရက် ညနေပိုင်းတွင် ABSDF အမှတ် ၁၂တပ်ရင်းအပါအဝင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့များကတောင်ခင်ရန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ၃ဦးသေဆုံးခဲ့သည်။
တောင်ခင်ရန်းရွာနှင့် ၅မိုင်ကျော်အကွာတွင် မြောက်ခင်ရန်းပျူစောထီးရွာတည်ရှိပြီး တောင်ခင်ရန်းရွာတွင်လည်းစစ်သင်တန်းဖွင့်ကာ ပျူစောထီးရွာအဖြစ်အသွင်းပြောင်းရန် စစ်ကောင်စီက ကြိုးစားလာခြင်းဖြစ်သည်ဟု သိရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1310
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4874
Website ->https://eng.thanlwinkhet.net