သဇင်
ဇွန် ၃၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းထိုးဝင် ရောက်ပြီးနောက် ဒေသခံအမျိုးသားတစ်ဦး မီးရှို့ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံမှသိရသည်။
ဇွန်လ ၁ ရက်၊နံနက်၆နာရီခွဲခန့်တွင် အင်အား ၁၀၀ခန့်ရှိသော စစ်ကြောင်းသည် ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကိုလက်နက်ကြီးငယ်များပစ်ကာ ဝင်ရောက်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
“သေဆုံးသွားတဲ့အမျိုးသားက အသက် ၅၀ ဝန်းကျင်လောက်ရှိပါတယ်။၁ ရက်နေ့က သူ့ကို လက်ပြန်ကြိုးတုပ်ဖမ်းသွားပြီးမှ ၂ရက်နေ့မှာမီးရှို့ခံထားရတဲ့ အရိုးစုကို မူးသားကျေးရွာ မြောက်ဘက်မှာ ပြန်တွေ့ခဲ့တာပါ” ဟု ဆိုသည်။
အဆိုပါ ရွာသစ်ကျေးရွာသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်ပြီး နေအိမ်(၇)လုံးပျက်စီးကာ ပထမအကြိမ် မီးရှို့ခံရစဉ်တွင် နေအိမ်(၅)လုံး ပျက်စီးခဲ့သည်။
သေဆုံးသူအမျိုးသားမှာ ဈေးသည်တစ်ဦးဖြစ်ပြီး ရွာသစ်ကျေးရွာအပြင်ဘက်တွင် နေထိုင်သူဖြစ်သည်။
စစ်ကြောင်း ဝင်ရောက်လာချိန်တွင် လွတ်အောင်မပြေးနိုင်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်း၏ဆိုင်နားတွင် ကာကွယ်ရေးအဖွဲ့များပြုလုပ်ထားသော လက်လုပ်သေနတ်များ တွေ့ရှိခဲ့သည့်အတွက် ယခုလိုဖြစ်ရခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ယင်းနောက် ဇွန်လ၂ရက်၊ နံနက်၁၀နာရီခန့်က ခင်ဦးမြို့နယ် မရမ်းအင်းကျေးရွာတွင် အဆိုပါ စစ်ကြောင်း နှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု ရွှေဘိုခရိုင် အမှတ်၂၂ တပ်ရင်း တာဝန်ရှိသူက ပြောသည်။
“ မရမ်းအင်းကျေရွာ မန်းကျီးပင် ဘုန်ကြီးကျောင်း အနောက်ဘက်မှာ ကျွန်တော်တို့တပ်ရင်း ၂၂ ရဲဘော်တွေနဲ့ နာရီဝက်ကြာ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တယ်။သူတို့ဘက်က ၃ ဦးသေတယ်။ကျွန်တော်တို့ အဖွဲ့က ၃ဦး ဒဏ်ရာရခဲ့ပါတယ်။”ဟု ဆိုသည်။
စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျီးအိုင်ရွာ၊သဲကုန်းကြီးရွာ၊မုံတော(တောင်)ရွာ၊ဒါန်းကုန်းရွာ၊ မူးသာရွာစသည့်ကျေးရွာများမှ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရပြီး အကူအညီများလိုအပ်နေသည်ဟု ကူညီသူများထံက သိရသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ (၇၄)ရွာအထိ ရှိလာခဲ့ပြီး အိမ်ခြေ(၅၀၀၀)ကျော် ပြာကျပျက်စီးကာ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း (၃၀၀၀၀)ဝန်းကျင် ရှိသည်ဟု စစ်တမ်းများက ဖော်ပြသည်။
ပုံစာ–မီးရှို့ဖျက်ဆီးခံရသော ရွာသစ်ကျေးရွာ မြင်ကွင်း။
Photo -crd
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1311
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4881
Website ->https://eng.thanlwinkhet.net