သံလွင်ခက်
ဇွန် ၃ ၊ ၂၀၂၃ ။
ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့်ဌာနဆိုင်ရာ ရုံးများတွင်နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့နံနက် ၄း၃၀နာရီတွင် စစ်ကောင်စီ၏ထောက်တိုင်ဖြစ်သောမြို့မရဲစခန်း၊ထွေအုပ်ရုံးနှင့်ဌာနဆိုင်ရာအသီသီးတို့ကို စီးနင်းတိုက်ခိုက်ခဲ့ရာတိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့သည်။
အချိန်၃ နာရီကျော်အကြာ ပြင်းထန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် နံနက်၇း၄၆ နာရီတွင် တိုက်ခိုက် ရေးရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး အနောက်ဘက်ကမ်း၊ဘဥာဏ်ကုန်း၊ချောင်းဝ၊ကြခတ်ချောင်း၊အုန်းတစ်ပင်ကျေးရွာများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရဟတ်ယာဥ်ရောက်လာချိန်တွင်ပြည်သူများထိခိုက်မှုမရှိစေရန်အတွက်တော်လှန်ရေးအဖွဲ့များက မြို့အတွင်းမှပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို ၁၂၀ မမ လက်နက်ကြီးနှင့် လေကြောင်းတို့မှ တိုက်ခိုက်ခဲ့မှုတို့ကြောင့် ကလေးငယ်တစ်အပါအဝင် သံဃာတော်နှင့်ပြည်သူ လေးဦးသေဆုံး၍ ကလေးသုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုအခြေအနေများနှင့်ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းထားရာ လတ်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ ။
ကြာအင်းဆိပ်ကြီး မြို့ရှိ စစ်ကောင်စီ၏ တပ်များဖြစ်သော ခလရ ၃၂ ၊ခလရ ၂၈၃ ၊ ခလရ ၂၈၄ တပ်ရင်းများကိုတော်လှန်ရေးတပ်ပေါင်းစုများက ယခုနှစ်အစပိုင်း ဇန်နဝါရီလ ၃ရက်က ဝင်းရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများခဲ့ပြီး အဆောက်အဦးတချို့ကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌လည်း အထိနာခဲ့သောစစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ အဆက်မပြက် လာရောက်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။
ပုံစာ-ပြီးခဲ့သောဇန်နဝါရီလအတွင်း၌ ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်ခဲ့မှု ။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1306
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4863
Website ->https://eng.thanlwinkhet.net