ကောင်းချစ်အောင်
ဇွန် ၂၊ ၂၀၂၃။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ခြောက်မြို့သို့စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ရာ ငွေကျပ်သိန်း ၄၀ ကျော်နှင့် ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့သည်ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့များထံမှသိရသည်။
ကပစ ၂၁ မှ တပ်ကြပ်ကြီး အောင်သူတင့်ကို ချောက်မြို့ အမှတ်၁၁ ဗဟိုကွက်သစ်ကျောင်းအနီး၌ ယနေ့နံနက်ပိုင်း၉ နာရီခွဲခန့်တွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခဲ့ခြင်းဖြစ်ပြီး ပါရှိလာသည့်ပစ္စည်းများသိမ်းဆည်းကာ အလျင်အမြန်ဆုတ်ခွာလာခဲ့သည်ဟု Chauk Guerrilla Force-CGF တာဝန်ခံ ကိုဘကွန်းက သံလွင်ခက်ကိုပြောသည်။
“နှစ်ချက် အသေပစ်ခတ်ရှင်းလင်းခဲ့ပြီး မဆိုင်တဲ့ပြည်သူများထပ်မံရောက်ရှိလာသောကြောင့် ထပ်မံတစ်ချက် မိုးပေါ်ထောင်ဖောက်ပြီး ဘေးကင်းစွာဖြင့်ဆုတ်ခွာလာခဲ့ပါတယ်“ဟု၎င်းကဆိုသည်။
သေဆုံးသွားသည့် တပ်ကြပ်ကြီးအောင်သူတင့်သည် ကပစ၂၁အတွက် စားသောက်ကုန်များ ဝယ်တင်ပေးသည့်အလုပ်နှင့် နေပြည်တော်သို့ အရေးကြီးစာရွက်စာတမ်းများကို ပို့ဆောင်ပေးနေရသူဖြစ်သည်ဟု သိရသည်။
ထို့ပြင်၎င်းသည် ကပစ၂၁ လုံခြုံရေးတပ်မှ ဗိုလ်ကြီးရန်နိုင်၏ တပည့်အရင်းဖြစ်သည်ဟု သိရပြီး၎င်းထံမှ ငွေသားသိန်းလေးဆယ်ကျော်၊ ဖုန်းတစ်လုံး၊ ဗိုလ်ကြီးရန်နိုင်၏ ဘဏ်စာအုပ်များ၊ ချက်လက်မှတ်တစ်စောင်၊ ATMကဒ်များ၊ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများ သိမ်းဆည်းရမိသည်ဟု ကိုဘကွန်းကဆိုသည်။
“ပစ်ပြီးပြီးချင်း ချက်ချင်းယူပြီးဆုတ်ခဲ့ရတာ လျှို့ဝှက်စာရွက်စာတမ်းတွေလည်းပါတယ်။ အဲထဲမှာပါတဲ့အချက်အလက်တွေကတော့ သက်ဆိုင်ရာအထက်ဝန်ကြီးဌာနကိုပေးပို့ထားပါတယ်“ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Chauk Guerrilla Force-CGFနှင့်အတူ ချောက်မြို့နယ်ပကဖ၊ KF PDF၊ ရေနံချောင်းဖေကံကောင်းအဖွဲ့၊ MVP Revolution Forceတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ကပစ ၂၁ စက်ရုံသည် ဆိပ်ဖြူမြို့နှင့် မိုင်၃၀ခန့်ဝေးသည့် ကန်ဇွန်းမတိုက်နယ်၊ ရှောက်ပင်အင်းရွာအနီးတွင် တည်ရှိပြီး လေတပ်သုံးဗုံးများ အဓိကထုတ်လုပ်ပေးနေသည့် စက်ရုံတစ်ခုဖြစ်သည်ဟု သိရသည်။
ပုံစာ–သေဆုံးသူတပ်ကြပ်ကြီးထံမှ သိမ်းဆည်းရရှိသည့် ငွေသားနှင့် ပစ္စည်းများ (ပေးပို့) ။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1304
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4857
Website ->https://eng.thanlwinkhet.net