ယမင်းဖူးပွင့်အောင်
ဇွန် ၂၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် လာမည့်မိုးတွင်းကာလမြွေအန္တရာယ် စိုးရိမ်မှုမြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။
ခြုံထူထပ်သည့် တောတောင်များသို့ ရှောင်တိမ်းနေထိုင်ရသဖြင့် မြွေကိုက်ခံရမှုများရှိနေသည်ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်ရှိပြီး ၇၅ ရာခိုင်နှုန်းခန့်သည် မြွေပေါသည့်နေရာတွင်စစ်ဘေးရှောင်နေရသည်ဟု ထန်းကုန်းတိုက်နယ်ရှိဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“စစ်ဘေးရှောင်တော်တော်များမျာက တောထဲ၊တောင်ထဲရှောင်ရတာလေ။ နေဖို့ထိုင်ဖို့ပဲရှင်းနိုင်တာ။ ပတ်ဝန်းကျင်တစ်ခုလုံးကိုမရှင်းနိုင်ဘူး။ ကျန်တဲ့ရာသီထက် မိုးတွင်းကတော့ မြွေအန္တရာယ်ပိုရှိတယ်။ မြွေဆိုတာက ပူထားပြီးတော့ မိုးရွာလိုက်လို့ အအေးဓာတ်ဝင်လာရင် အပြင်ထွက်လာတာပဲ” ဟု၎င်းကပြောသည်။
စစ် ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ အထိုင်တပ်စခန်းများမှ နီးစပ်ရာကျေးရွာများကိုမကြာခဏ လက်နက်ကြီးပစ်လေ့ရှိပြီး စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် နေရပ်ပြန်ရန်လည်း မဖြစ်နိုင်သေးဟု ၎င်းကဆက်ပြောသည်။
စစ်ဘေးရှောင်စခန်းများအနီးတွင် အဆိပ်ပြင်းမြွေပွေးနှင့် မြွေဟောက်များကို အများဆုံးတွေ့ရသည်ဟု စစ်ဘေးရှောင် ကူညီသူများက ပြောသည်။
“မြွေဆိုးကိုက်လို့ အကြောကိုထိသွားတယ်ဆိုရင်တော့ ကုသဖို့အချိန်မမှီတာများတယ်။ သွေးပြန်ကြောကို မထိပဲအသားပိုင်းထိတယ်ဆိုရင်တော့ နှစ်နာရီ၊ သုံးနာရီအတွင်း မြွေဆိပ်ဖြေဆေးထိုးပေးနိုင်ရင် အန္တရာယ်မများဘူး”ဟုစေတနာ့ဝန်ထမ်း စစ်ဘေးရှောင်သူနာပြုတစ်ဦးပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမိုဘိုင်းပုံစံ ရွေ့လျားစနစ်ဖြင့် နယ်မြေခံ ကျန်းမာရေးစေတနာ့ဝန်ထမ်းများက ဆေးဝါးကုသပေးနေသော်လည်း ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးလုံလောက်မှု အကန့်အသတ် ရှိနေသည်ဟုစစ်ဘေးရှောင် ကူညီသူများထံက သိရသည်။
ကန့်ဘလူခရိုင်တွင် မေလအတွင်း မြွေကိုက်ခံရသည့် စစ်ဘေးရှောင် ၈ဦးခန့်ရှိပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍မေလကုန်အထိ မြွေကိုက်ခံရသည့် ပြည်သူ ၆၉ ဦးအနက် ခြောက်ဦးသေဆုံးခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ−(ကန့်ဘလူခရိုင်အတွင်းက စစ်ဘေးရှောင်များမြင်ကွင်း/ပုံဟောင်း)
Photo-Crd
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1305
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4860
Website ->https://eng.thanlwinkhet.net