သံလွင်ခက်
ဇွန် ၁ ၊ ၂၀၂၃ ။
အင်အား ၂၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်များက စစ်ကြောင်းသုံးကြောင်းခွဲ၍ ရေလယ်ကျွန်းဒေသရှိကျေးရွာကိုမီးရှို့ခဲ့ရာ ၄ရက်အတွင်း ကျေးရွာ ၂၅ရွာမီးရှို့ခံလိုက်ရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကယနေ့တွင် ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းမြောင်မြို့နယ်နှင့်နယ်နမိတ်ထိစပ်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံဆည်းရာ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသို့ အရှေ့ဘက်ခြမ်း ဧရာဝတီမြစ်တွင်းမှ ကူးလာသည့်စစ်ကြောင်း၊ မြောက်ဘက်ခြမ်းချင်းတွင်းမြစ်တွင်းမှ ကူးလာသည့်စစ်ကြောင်းနှင့် ရေလယ်ကျွန်းရှိ အထိုင်စစ်ကြောင်းတို့က ကျေးရွာနေအိမ်များစွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
” ရေလယ်ကျွန်းက ဧရာဝတီမြစ်နဲ့ ချင်းတွင်းဆုံတဲ့နေရာ အပိတ်သွားဖြစ်တာပေါ့နော်။ သူ့ရဲ့နောက်ကျောဘက်မှာက ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံတဲ့နေရာက ပိတ်ထားတယ်။ အရှေ့ဘက်ဘေးက ဧရာဝတီနဲ့ မြောက်ဘက်ဘေးမှာက ချင်းတွင်းမြစ်ရှိနေတာ။ တောင်ဘက်မှာပဲ ကုန်းလမ်းဆိုလို့ ကျွန်တော်တို့ မြောင်နဲ့ ဝင်လမ်းထွက်လမ်း တစ်ခုပဲရှိတယ် “ဟု ရေလယ်ကျွန်းဒေသ၏ ပထဝီအနေအထားအရ စစ်ကြောင်းများဝင်နေချိန်၌ မဟာမိတ်တပ်များကစစ်ကူသွားရောက်ရန် ခက်ခဲသည့်အခြေအနေအား ကိုနွေဦးမြောင်က ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများသည် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရုတ်တရက်ရောက်လာပြီး မေလ၂၆ရက်မှ ၂၉ရက်ထိ ရေလယ်ကျွန်းဒေသရှိကျေးရွာများကို တစ်ရွာပြီးတစ်ရွာဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ်စစ်ကြောင်းများသည် မေ ၂၆ရက်တွင် မိဖုရား၊ ဘုန်းတော်ပြည့်၊ လှေခုတ်၊ ဆင်တဲ၊ ကျွန်းညို ၊ ခြံယာ ၊ မြောက်ရွာ ၊ နတ်ပေး ၊ပေါက်အူ ၊နွယ်နီ စသည့်ရွာများကိုမီးရှို့ပြီး မေ ၂၇ ရက်တွင် မြေတော် ၊ ဆည်သစ်မြင် ၊ညောင်မွှေးပင် ၊ ကိုင်းရွာ ၊ မြေစွန်း ၊ ရေယှား၊ နန်းဦး ရွာများကို ဆက်လက်မီးရှို့ခဲ့သည်။
ထို့နောက် မေ ၂၈ ရက်တွင် ချင်းယား ၊ မိုးဖြူ ၊ မိုးကွဲ ၊ ကံဦး ၊ တောင်ကုန်း၊ မဲကုန်း ရွာများကိုမီးရှို့ပြီး မေ ၂၉ရက်တွင် ဝါးဘိုးရွာ၊ ညောင်ပင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ်စစ်ကြောင်းများ လေးရက်ဆက်တိုက်မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၂၅ ရွာမှ နေအိမ် ၆၅၆ လုံးနှင့် ဆေးခန်းနှစ်ခုတို့ မီးလောင်ပျက်စီးခဲ့သည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြထားသည်။
” ရေလယ်ကျွန်းကိုဝင်ဖို့က ရေလယ်ကျွန်းတစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်းဘေးမှာက သူတို့နေရာတွေချည်းပဲဆိုတော့ ရေလမ်းကမသင့်တော်ဘူး။
ဒီဘက်ချင်းတွင်းမြစ်ကျတော့လည်း ရေစကြိုမြို့ခံနေပြီးတော့ အင်အားရှိသလို အစောင့်အကြပ်တွေလည်းများတော့ အဆင်မပြေဘူး။ ကုန်းလမ်းကျတော့လည်း ဝင်လာနိုင်တဲ့အပေါက်က တစ်ပေါက်ပဲရှိတော့ သူတို့က သုံးဖွဲ့လောက်ခွဲပြီး တစ်ဖွဲ့က အဲ့နေရာမှာရှိတော့ ဝင်လို့မလွယ်ဘူး “ဟု ကျေးရွာများမီးတင်ရှို့ခံနေရသော်လည်း စစ်ကူမသွားနိုင်သည်အား မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်တာဝန်ရှိသူ ကိုနွေဦးမြောင်ကပြောသည်။
ရေလယ်ကျွန်းဒေသတွင် ကာကွယ်ရေးတပ်ဖွဲ့များရှိသော်လည်း အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို ထိပ်တိုက်ရင်ဆိုင်၍ မရသောကြောင့် ထွက်ပြေးရှောင်တိမ်းကြရသည့် ဒေသခံများ၏ အရေးကိုသာ အဓိက ကူညီပေးနေခဲ့ရသည်ဟု ရေလယ်ကျွန်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကြောင်းများထိုးလာချိန်၌ ဒေသခံနှစ်သောင်းကျော်အထိ ဘေးလွတ်ရာတောထဲထွက်ပြေးခဲ့ကြရပြီး လက်ရှိတွင်စစ်ကြောင်းပြန်ထွင်သွားသော်လည်း နေအိမ်များ၊ ကောက်ပဲ သီးနှံများနှင့်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံလိုက်ရသောကြောင့် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။
ပုံစာ–ပြီးခဲ့သည့်မေလ နောက်ဆုံးအပတ်တွင်း၌ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ နေအိမ်များနှင့်ဆေးခန်းတို့မီးရှို့ဖျက်ဆီးခံထားရမှု။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1296
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4834
Website ->https://eng.thanlwinkhet.net