နန်းဆုပန်ခန့်
မေလ ၃၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဝက်လက်–ရွှေဘိုလမ်းပိုင်းတွင် ယခုမေလတစ်လအတွင်း၌ BLACK WOLF – ARMY နှင့်ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်စစ်ကြောင်းကို ၂၄ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ပူးပေါင်းအဖွဲ့ထံမှသိရသည်။
ဝက်လက်မြို့နယ်အခြေစိုက် BLACK WOLF – ARMY တပ်ဖွဲ့သည် မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် ပစ်ခတ်ခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်ကြဲချခြင်းများဖြင့်တိုက်ခိုက်နေသည်ဟု သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများကို ယခင်လများတွင် ၅ ကြိမ်နှင့်အထက်ဝန်းကျင်ခန့်သာ ကြားဖြတ် တိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သော်လည်း ယခုမေလအတွင်း၌ ပိုမိုတိုက်ခိုက်နိုင်ခဲ့သည်ဟု BLACK WOLF – ARMY တာဝန်ရှိသူကပြောသည်။
၎င်းက “ ဒီလအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးတာအတည်ပြုလို့ရတယ်။ အတည်မပြုနိုင်တဲ့သေဆုံးသူ၁၀ ဦးနှင့်အထက်ရှိပြီး ထိခိုက်ဒဏ်ရာရ ၁၀ ဦးခန့်မှာ ၅ ဦးအပြင်းအထန်ဒဏ်ရာရတာကိုကျွန်တော်တို့ကင်းထောက်အဖွဲ့ပြောလို့သိရတာ” ဟု ပြောပြသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် စစ်ကြောင်းတစ်ခါထိုးလျှင် အနည်းဆုံးအင်အား ၅၀ ဝန်းကျင်ပါလေ့ရှိပြီးကျေးရွာအတွင်းမီးရှို့ဖျက်ဆီးမှုများ၊ လုယက်မှုများပြုလုပ်သောကြောင့် ကြားဖြတ်တိုက်ခိုက်ရခြင်းဖြစ်သည်ဟုပူးပေါင်းအဖွဲ့ကဆိုသည်။
ယခုလတွင် တိုက်ပွဲဖော်ဆောင်မှုများသည့်အတွက် စစ်အသုံးစရိတ်ပိုလိုအပ်သလို ၎င်းတို့ဘက်မှ လိုက်ထရပ်ကားတစ်စီးနှင့် နင်းမိုင်း ၇ လုံးဆုံးရှုံးခဲ့သည်ဟု BLACK WOLF – ARMY တာဝန်ရှိသူက ဆက်ပြောသည်။
ထိုတိုက်ပွဲများတွင် BLACK WOLF – ARMY ၊ WHO AM I – ARMYတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ဆုံးရှုံးမှုများဖြည့်ဆည်းနိုင်ရန်နှင့် စစ်ဆေးမစ်ရှင်များ ဆက်လက်ဆောင်ရွက်နိုင်ရန် နွေပူအညာက ဝံပုလွေစနိုက်ပါကမ်ပိန်းနှင့်နွေပူအညာမဲ ဝံပုလွေ ကမ်ပိန်းတို့ပြုလုပ်၍ ကြိုးပမ်းနေသည်ဟု သိရသည်။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1279
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4779
Website ->https://eng.thanlwinkhet.net