ကောင်းချစ်အောင်
မေ ၃၁၊ ၂၀၂၃။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် PDFများစစ်ကြောင်းထွက်လာသည့်သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်၏ ကင်းပုန်းဝပ်စောင့်ကြိုတိုက်ခိုက်ခံခဲ့ရကာ ရဲဘော် ၇ဦး အသက်ဆုံးရှုံးရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မင်းလှမြို့နယ် ဒီးဒုတ်ကန်–အိုးဘိုကုန်း–ရေဘော်လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်များက ကြိုတင်စောင့်ဆိုင်းကာ မေလ ၂၉ရက် ည၈ခွဲခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော် ၇ဦးသေဆုံးခဲ့ရသည်ဟုသရက်ခရိုင်တပ်ရင်း–၄ Eagle Forceမှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
” ကျွန်တော်တို့ရဲဘော်တွေကားနဲ့ထွက်လာရင်း ကင်းပုန်းဝပ်ပစ်ခံလိုက်ရတာဟုတ်ပါတယ် ။ လတ်တလောအတည်ပြုလို့ရတာကတော့ ကျွန်တော်တို့တပ်ဖွဲ့က ရဲဘော် ခုနစ်ယောက်အသက်ပေးလိုက်ရတယ်ဗျာ“ဟု ၎င်းကအတည်ပြုပြောကြားသည်။
အဆိုပါတိုက်ခိုက်မှု၌ KA 25အမျိုးအစားသေနတ် ၄လက်၊ K 12အမျိုးအစားသေနတ် ၁လက်၊ M4အမျိုးအစားသေနတ် ၁လက်၊ အမျိုးမည်ခွဲမရရိုင်ဖယ် ၁လက်၊ KA 25ကျည်အိမ် ၂၂ခု၊ M4 ကျည်အိမ် ၁ခု၊ ရိုင်ဖယ်ကျည်အိမ်၁ခုနှင့် ကျည်မျိုးစုံ ၁၀၀၀နီးပါး သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှ ထုတ်ပြန်ချက်အရ ပစ်ခတ်ဖမ်းဆီးမှုအတွင်း PDFရဲဘော် ၈ဦးသေဆုံးသည်ဟု ဆိုသော်လည်းနှစ်ဦးမှာ ကားမောင်းသူ အရပ်သားများဖြစ်သည်ဟု Eagle Force တာဝန်ခံကဆိုသည်။
“နှစ်ယောက်က ကားပိုင်ရှင်နဲ့ ကားမောင်းသူပါ ။ ကျန်တဲ့ခြောက်ယောက်ကတော့ တိုက်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ် ။ ရဲဘော်တစ်ယောက်ကတော့ ခြေထောက်ကျည်ထိဒဏ်ရာနဲ့ ထွက်ပြေးသွားပြီးမှ သေသွားတယ်“ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် လက်နက်ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းတစ်ထောင်ခန့်ရှိပြီး သတင်းပေါက်ကြားမှုကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု Eagle Force တာဝန်ခံကပြောသည်။
ထိုတိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီဘက်မှ တပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး Eagle Forceရဲဘော်တစ်ဦးလည်း အရှင်ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇွန်၂၂ရက်တွင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်–မုံရွာလမ်းပေါ်ရှိ မဲဇလီတံတားတွင်လက်နက်များသယ်လာသည့် PDFကားနှစ်စီးကို စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် PDF ၁၂ဦး ကျဆုံးခဲ့ရသည်။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1278
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4776
Website ->https://eng.thanlwinkhet.net