သံလွင်ခက်
မေ ၂၆ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီလေတပ်က ညအချိန်မတော် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF တပ်ဖွဲ့ဝင် ရဲမေတစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယခုလ မေ ၂၄ ရက် ည ၉ နာရီခွဲအကျော်တွင် ဒီးမော့ဆိုအနောက်ခြမ်းကို ဂျက်တိုက်လေယာဥ်ဖြင့် ဗုံး ၆ လုံးထက်မနည်းကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B06 တပ်ရင်းမှ ရဲမေတစ်ဦး ကျဆုံးခဲ့သည်။
” မနက်စောစောထပြီးကြားရတဲ့စကားတစ်ခွန်းက မမူ့မရှိတော့ဘူးတဲ့။ စာကိုသေချာပြန်ဖတ်တယ် ။အိပ်ချင်မူးတူးနဲ့စာဖတ်မိတာများလားပေါ့ ။ ဒါပေမဲ့တစ်ကယ့်အဖြစ်ပျက်ဖြစ်နေတယ် ။ တစ်ကယ်မဟုတ်ဘူးမလားလို့မေးနေမိတယ် ။ ဘယ်ဟုတ်မလဲတစ်ကယ်ဖြစ်သွားခဲ့ပြီလေ။ ဒါပေမဲ့ညီမအခုထိမယုံကြည်နိုင်သေးဘူး“ဟု ကျဆုံးရဲမေနှင့်နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ယမန်နေ့တွင် လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။
အဆိုပါကျဆုံးခဲ့ရသည့်ရဲမေသည် ၂၄ ရက်၊ ညပိုင်းဗုံးကြဲခံရမှုတွင် ကျဆုံးခဲ့ခြင်းဖြစ်ပြီး KNDF B06 တပ်ရင်းမှ ရုံးအဖွဲ့မှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်ဟု ဝမ်းနည်းကြောင်းဖော်ပြထားသည့် ဒေသခံအမျိုးသမီးကသံလွင်ခက်ကိုပြောသည်။
မေလ ၂၄ ရက်၊ ညပိုင်းလေကြောင်းတိုက်ခိုက်ခံရမှုတွင် အမျိုးသား၄ ဦးနှင့် အမျိုးသမီးတို့သေဆုံးခဲ့ပြီး KNDF တပ်ဖွဲ့ဝင်များလည်းပါဝင်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ဗုံးကြဲခံရမှုကြောင့် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ KNDF ဗဟို နှင့် KNDF B06 တပ်ရင်း တာဝန်ရှိသူများထံသံလွင်ခက်က ဆက်သွယ်မေးမြန်းနေသော်လည်း လတ်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မေ ၂၄ရက် ညပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရသည့်နေရာသည့် ကာကွယ်ရေးစခန်းတစ်ခုဖြစ်ပြီး ဒီးမော့ဆိုအနောက်ခြမ်းတွင် ပြီးခဲ့သောဧပြီလကုန်ပိုင်းတွင်လည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ စခန်းငယ်တစ်ခု လေကြောင်းတိုက်ခိုက်ခံရသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုသတိထားရန်လိုအပ်နေပြီဟုဒီးမော့ဆိုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ လေတပ်သည် မေလ ၂၄ ရက်ညပိုင်းတွင် ဒီးမော့ဆိုအနောက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်မေလ ၂၅ ရက်တွင်လည်း ကင်းထောက်လေယာဥ်များ တောက်လျောက်ဝဲပျံ၍ ထပ်မံဗုံးကြဲခဲ့သေးသည်ဟုဒေသခံများထံမှ သိရသည်။
ဒီးမော့ဆိုအနောက်ခြမ်းတွင် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီသည် ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင်း၌လည်း လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူများကို အဆမတန်အသုံးပြုနေသည်။
မေလ ၁၄ရက်မှ ၂၃ရက်ထိဖြစ်ပွားခဲ့သောဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲများအတွင်း၌ စစ်ကောင်စီ၏ လွိုင်ကော်၊ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ် ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု KNDF ကထုတ်ပြန်ထားသည်။
ပုံစာ–မေလ ၂၄ ရက်၊ ညပိုင်း၌ ဒီးမော့ဆို အနောက်ခြမ်း ဗုံးကြဲခံရမှု၌ ကျဆုံးခဲ့သော KNDF ရဲမေ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1199
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4600
Website ->https://eng.thanlwinkhet.net