သံလွင်ခက်။
မေ ၂၅၊ ၂၀၂၃။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင့်ဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မေ ၂၄ ရက် ည ၉ နာရီခွဲအကျော်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” နာရီဝက်ပျံသန်းတာ လေယာဉ် ၂ စီးနဲ့ ခန့်မှန်းခြေ ၆ လုံး ၇ လုံးလာပစ်တာ။ ပေါင် 200/ 500လားသေချာတော့မသိဘူး ” ဟု ဆိုသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆိုရှိ စစ်ကောင်စီတပ် ငွေတောင်အခြေစိုက်(၁၀၂) တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမျိုးသား၄ ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး၍တချို့ ထိခိုက်ဒဏ်ရာမှုများရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ထိခိုက်သေဆုံးမှုအခြေအနေများနှင့်ပတ်သက်ပြီး သံလွင်ခက်သတင်းဌာနအနေဖြင့် ဆက်လက်အတည်ပြု စုံစမ်းနေဆဲဖြစ်သည်။
ယမန်နေ့ ညပိုင်းတွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ပြီးနောက် ယနေ့တွင်လည်း နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ်များဖြင့် ဒီးမော့ဆိုအနောက်ခြမ်းတွင် တောက်လျောက်ပတ်ဝဲနေသည်ဟုကာကွယ်ရေးရဲဘော်တစ်ဦးက နံနက် ၁၁ နာရီခန့်တွင်ပြောသည်။
ယမန်နေ့ညပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရသည့်နေရာသည် ကာကွယ်ရေးစခန်းတစ်ခုဖြစ်ပြီး ဒီးမော့အနောက်ခြမ်းတွင် ပြီးခဲ့သော ဧပြီလကုန်ပိုင်းတွင်လည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ စခန်းငယ်တစ်ခုလေကြောင်းတိုက်ခိုက်ခံရသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုသတိထားရန် လိုအပ်နေပြီဟု ဒီးမော့ဆိုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
” ကျနော်တို့ဘက်တွေက အရင်ထက်တော့ ပိုသတိရှိမှ ရပါလိမ့်မယ်။ စခ ကတော့ သူတို့ မြေပြင် အသုံးပြု နည်းလာနေတဲ့အတွက် လေကြောင်း နဲ့ ကျနော်တို့ ပြီးရင် ပြည်သူ တွေကို သူတို့က စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်လာမှာဘဲ ။ ကျနော်တို့ ဘက် သတိကြီးကြီး နဲ့ နေထိုင်ရပါမယ် ။ အရင်ထက် ပို ဂရုစိုက်ရပါမယ် အထူးသဖြင့်လေကြောင်း အန္တရာယ်ကို ပါဘဲ “ဟု ၎င်းကပြောသည်။
ဒီးမော့ဆိုအနောက်ခြမ်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီသည် ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင်း၌လည်း လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူများကို အဆမတန် အသုံးပြုနေသည်။
မေလ ၁၄ရက်မှ ၂၃ရက်ထိဖြစ်ပွားခဲ့သော ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲများအတွင်း၌ စစ်ကောင်စီ၏ လွိုင်ကော်၊ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ် ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။
အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ခုနှစ် ဧပြီလ( ၃၀ )ရက်အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၃၆၃ )ကြိမ်ပြုလုပ်ခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု – PKPFက ထုတ်ပြန်ထားသည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1181
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4560
Website ->https://eng.thanlwinkhet.net