သံလွင်ခက်
မေ ၂၅ ၊ ၂၀၂၃ ။
ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြောတွင် ယခုလ မေ ၁၄ရက်မှ ၂၃ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄၀ နီးပါးသေဆုံး၍ နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟုKNDF က ထုတ်ပြန်သည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာတောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများအား မေလ၁၄ရက်မှစ၍ ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ၂၃ရက်ထိချေမှုန်းတိုက်ခိုက်ခဲ့သည်။
မေလ(၁၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များအား ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်မှ မိမိတို့ပူးပေါင်းတပ်များမှ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အဆိုပါရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီမှအထိနာကာ အထိအခိုက်များစွာဖြင့် တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ်သို့ တဖြည်းဖြည်းဆုတ်ခွာခဲ့ပြီးယနေ့ထိ မိမိတို့ပူးပေါင်းတပ်များ မှ လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိပါသည်။
၁၀ရက်အကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် ၄၀နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁)လက်၊ RPG (၂)လက် နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး ရန်သူသုံ့ပန်း ၂ဦး အားအရှင်ဖမ်းဆီးရမိခဲ့သည်။
တိုက်ပွဲများအတွင်း၌ စစ်ကောင်စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ် ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။
ဒေါလျားခူ၊ တနီးလာလဲ ကျေးရွာများ၏ တောင်ပေါ်တိုက်ပွဲများအတွင်း KNDF/B01 မှရဲဘော်၁ဦး ၊ KNDF/B07 မှရဲဘော်၂ဦး၊ KNDF/B09 မှ ရဲဘော်၃ဦး၊ KNDF/B10 မှ ရဲဘော်၁ဦး နှင့် ကရင်နီတပ်မတော်(KA) မှ ရဲဘော်၁ဦးတို့ကျဆုံးခဲ့သည်။
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နှင့် တနီးလာလဲ ကျေးရွာများဖက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ယခုခုနှစ်၊ မတ်လမှစတင်၍ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယမန်နေ့ မတ်လ၂၄ရက်ထိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေသောကြောင့် အဆိုပါနေရာများအနီးသို့ ပြည်သူများအနေဖြင့်ဖြတ်သန်းသွားလာခြင်းများကို တတ်နိုင်သမျှမပြုလုပ်ရန် KNDFက သတိပေးထါးသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်၏ တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့သည်တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင်းအကြပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်အာဏာများအား အနောက်မှနေ၍အမိန့်ပေးစေခိုင်းပြီး မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ် နှင့် တပ်သားများအား အသေခံခိုင်းနေသည့်အခြေအနေများကို စစ်ကောင်စီ၏ သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများအား သိရှိစေလိုပါသည်ဟု KNDFကထုတ်ပြန်ထားသည်။
ပုံစာ–ဒီးမော့ဆိုတိုက်ပွဲတွင်း၌ ပူးပေါင်းတပ်များသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1180
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4557
Website ->https://eng.thanlwinkhet.net