သံလွင်ခက်။
မေ ၂၄၊ ၂၀၂၃။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်တွင် ကူညီကယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မေလ ၂၃ရက် နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်သွားသည့် စာရေးဆရာ ကိုဝေဟင်အောင်အပါအဝင် ၅ ဦးကို စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်တွေမြို့နယ် အောင်သပြေ စစ်ကြောရေးစခန်းတွင်ခေါ်ယူစစ်ဆေးမှုများလုပ်ဆောင်နေပြီး ယနေ့မေလ ၂၄ ရက်မနက်ပိုင်းထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
၎င်းက ” နယ်ကျော်လို့ဆိုပြီး ဖမ်းတယ်လို့လည်းကြားတယ်။ နောက်တစ်ခု သူက အသင်းအဖွဲ့စည်းမှတ်ပုံတင်မရှိဘူး အဲ့လိုဟာတွေနဲ့ အပြစ်ပုံချတာ “ဟု ဆိုသည်။
မုန်တိုင်းဒဏ်ကြောင့် အခက်အခဲရှိသည့် ပြည်သူများကို ကူညီရန်ကြိုးပမ်းနေသူများကို ယခုကဲ့သို့ မလုပ်ဆောင်သင့်ဟု ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
၎င်းက ” မလုပ်သင့်တဲ့ဟာ ပြည်သူပြည်သားတွေ ဒုက္ခဖြစ်နေတဲ့အချိန်မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့အချိန်မှာ ကူညီကယ်ဆယ်တဲ့ သူတွေမရှိရင် သူတို့ ဘယ်လိုလုပ်ပြီးတော့ ကယ်ထားနိုင်မှာလဲ။ အဲလိုလုပ်နေသူတွေကို ဖမ်းတာဆီးတာလုပ်ရင် ဘယ်သူတွေက လုပ်ရဲတော့မှာလဲ။ ဒါကလက်မခံနိုင်တဲ့အနေထားတစ်ခုလို့ပြောလို့ရတယ် “ဟုဆိုသည်။
စာရေးဆရာ ကိုဝေဟင်အောင် အပါအဝင် ရခိုင် နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်တို့ကို စစ်ကောင်စီကအင်းစိန်းအကျဉ်းထောင်တွင် နှစ်နှစ်နီးပါးကြား ထိန်းသိမ်းခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၌ ၎င်းတို့နှစ်ဦးကိုခံဝန်ဂတိဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့သည်။
ပြန်လွတ်မြောက်လာပြီးနောက် စာရေးဆရာ ဝေဟင်အောင်သည် လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး မိုခါမုန်တိုင်းအခြေနေနှင့် ဒေသတွင်းအခြေအနေများကို သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများလည်း ရှိခဲ့သည်။
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို ဖမ်းဆီးမှုများလုပ်ဆောင်နေသည့်အပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် သွားလာသည့်လမ်းပိုင်းများနှင့် ဆေးဝါးသယ်ယူခွင့်များကိုလည်း ကန့်သတ်ချုပ်မှုလုပ်ဆောင်ထားသည်ဟု ကူညီသူများထံကသိရသည်။
ထို့ပြင် မုန်တိုင်းဒဏ်သင့်အရပ်များက ပြည်သူများထံ ကူညီထောက်ပံ့ရေး ပစ္စည်းများ သွားရောက် ပို့ဆောင်နိုင်ရန်စစ်ကောင်စီထံက ခွင့်ပြုချက်စောင့်ဆိုင်းနေရဆဲဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူက မေလ ၂၂ ရက်တွင် ထပ်မံပြောဆိုထားသည်။
မိုခါ မုန်တိုင်းတိုက်ခတ်ခဲ့ပြီး သီတင်းတစ်ပတ်ကြာခဲ့ပြီးနောက် မုန်တိုင်းဒဏ်သင့်ဒေသများကို အကူညီပေးနိုင်ရန်စစ်ကောင်စီနှင့်ဆွေးနွေးနေဆဲဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက အကူညီများဖြန့်ဝေရန် လုပ်ဆောင်သွားမည်ဟုကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးညှိနှိုင်းရေးရုံး ( UNOCHA ) က ထုတ်ပြန်ထားသည်။
မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ် ၁၇လုံး၌ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ စစ်တွေ၊ကျောက်တော်၊ရသေ့တောင်နှင့် ပုဏ္ဏာကျွန်းမြို့နယ်များသည်ပျက်စီးဆုံးရှုံးမှု အများဆုံးကြုံတွေ့ခဲ့ရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။
ထို့ပြင် မေလ ၂၁ရက်နေ့ထိစာရင်းများအရ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးသူ စုစုပေါင်း ၁၄၈ ဉီးထိရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပုံစာ – စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးမှုခံနေရသည့် ကိုဝေဟင်အောင်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1163
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4539
Website ->https://eng.thanlwinkhet.net