သံလွင်ခက်
မေ ၂၄ ၊ ၂၀၂၃ ။
အသက်၁၈နှစ်အရွယ် မတူပီCDF ရဲဘော်သည် ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်နေစဥ် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် ဆေးဝါးကုသပေးရန်အတွက်လည်း အခက်အခဲရှိနေခဲ့သောကြောင့် ကျဆုံးခဲ့ရသည်ဟု သိရသည်။
ချင်းပြည်နယ် မတူပီ–ဟားခါးလမ်းရှေ့တန်းတစ်နေရာတွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီတွင် တာဝန်ထမ်းဆောင်နေသော ရဲဘော်တစ်ဦးသည် ဟားခါး–မတူပီလမ်း ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်နေစဉ်ယမန်နေ့ မေလ ၂၃ရက်၊ နံနက် (၇:၀၀) နာရီအချိန်၌ မိုင်းမတော်တဆမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသည့်ရဲဘော်အား အသက်ကယ်နိုင်ရန်ကြိုးစားခဲ့ကြရင်း ည(၈:၀၀) နာရီအချိန်၌ တိုင်းပြည်နှင့် လူမျိုးအတွတ် အသက်ပေးသွားခဲ့ပါသည်ဟု မတူပီ CDF က ဝမ်းနည်းကြောင်းနှင့်အတူထုတ်ပြန်သည်။
မိုင်းထိCDFရဲဘော်ကို ဆေးဝါးကုသမှုပေးရန် အခက်အခဲရှိခဲ့မှုနှင့်ပတ်သက်၍ ” သူ မိုင်းထိတာက မနက်၇ နာရီဆေးဆရာမ မရှိလို့ ရှိတဲ့ဆရာမကိုခေါ်တာ ဆရာမရောက်တဲ့အချိန်က ၉နာရီကျော်မှရောက်နိုင်တယ်။ လူနာကအောက်ဆီဂျင်လိုနေတာ အောက်ဆီဂျင်ကမရှိဘူး။ လမ်းအခြေအနေအရရော သူ့အခြေအနေအရပါ ရှိတဲ့ဆေးနဲ့ကုလိုက် နည်းနည်းခရီးဆက်လိုက်နဲ့သွားရတော့ အချိန်မမီတော့တာ “ဟု မတူပီ CDF တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
မိုင်းထိဒဏ်ရာရရှိပြီး အချိန်မီဆေးဝါးကုသမှုမပေးနိုင်သည့်အခြေအနေ၌ ကျဆုံးခဲ့သော CDF ရဲဘော်မှာအသက်၁၈ နှစ်သာရှိသေးပြီး သင်တန်းရောက်ပြီးစီးခဲ့သည်မှာလည်း လပိုင်းသာရှိသေးသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ချင်းပြည်နယ်တောင်ပိုင်းအတွက် စစ်ကောင်စီ၏ ဗျူဟာရှိသည့် မတူပီမြို့နယ်တွင် မတူပီ CDFတပ်ဖွဲ့ဝင်များသည် တိုက်ပွဲများနှင့်စစ်ဆင်ရေးများစွာကို ဖော်ဆောင်နေကြရသော်လည်း ဆေးဝါးနှင့်ကျန်းမာရေးဝန်ထမ်းအခက်အခဲများရှိနေသည်။
ချင်းလဲန်ကာကွယ် ရေးတပ်ဖွဲ့ – မတူပီသည် ကျန်းမာရေးဝန်ထမ်းများလုံလောက် မှု မရှိခြင်းကြောင့် တိုင်းပြည် နှင့်လူမျိုးအတွက် တိုက်ပွဲဝင်ရဲဘော်၏ ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှု အကူအညီများ အထူးလိုအပ်လျက်ရှိသည်ဟု သိရသည်။
ထို့ကြောင့် ချင်းလဲန်ကာကွယ်ရေး တပ်ဖွဲ့–မတူပီဌာနချုပ် (Camp Zion)၌တာဝန်ထမ်းဆောင်ရင်း မိမိတတ်နိုင်သည့် ဘက်မှ တော် လှန်ရေးတိုက်ပွဲဆင်နွဲလိုသော ကျန်းမာရေးဝန်ထမ်းများအား ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့–မတူပီက ပြီးခဲ့သောဧပြီလတွင် ဖိတ်ခေါ်ထားခဲ့သည်။
ထို့သို့အခြေအနေများကြောင့် ပြီးခဲ့သောမတ်လတွင်လည်း ဒဏ်ရာရရဲဘော်အတွက် ဆေးဝါးကုသမှု အရေးပေါ်လိုအပ်သည်ကို မတူပီ CDF က အကူအညီတောင်းခံထားခဲ့ရသည်။
ဒဏ်ရာရရဲဘော်သည် လမ်းကြောင်းခက်ခဲမှုနှင့် ဒဏ်ရာအခြေအနေများကြောင့် လွတ်မြောက်ဒေသ ဆေးရုံကြီးများတွင် သယ်ယူပို့ဆောင်ရန် ခဲခက်နေပြီးအနီးစပ်ဆုံး ဆေးခန်းတွင်သာ ဆေးဝါးကုသမှု ခံယူနေရကာရဲဘော်၏လိုအပ်သော ဆေးဝါးစရိတ်များအတွက်သော်လည်းကောင်း ပို့ဆောင်ရေးအတွက်သော်လည်းကောင်းမိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် တောင်းဆိုအပ်ပါသည်ဟု မတူပီ CDFကအကူအညီတောင်းခံထားခဲ့ခြင်းဖြစ်သည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1163
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4457
Website ->https://eng.thanlwinkhet.net