နန်းဆုပန်ခန့်
မေ ၂၄ ၊ ၂၀၂၃ ။
ပဒူရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှုများသဖြင့် စစ်ကောင်စီက ပဒူကျေးရွာကို လေကြောင်းမှ သုံးကြိမ်တိုင် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများထိခိုက်မှုမရှိခဲ့ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူကျေးရွာကို မေလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီမှ ညနေ၅နာရီကြားတွင် စစ်ကောင်စီလေတပ်က လေယာဉ်ဖြင့် ၃ ကြိမ်တိတိလာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပဒူတိုက်နယ်ရဲစခန်းကို 96 Soldiers-PDF နှင့် နယ်မြေခံ ပကဖများ၊ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ပူးပေါင်း၍ မေလ ၂၂ ရက်၊ နံနက် ၇နာရီကျော်အချိန်မှစတင်တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်သည့် အခြေအနေရှိခဲ့သော်လည်း တတိယအကြိမ် လေကြောင်းလာရောက်တိုက်ခိုက်မှု၌ တပ်ပြန်ဆုတ်ခဲ့ကြရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
” တတိယအကြိမ် လေကြောင်းတိုက်ခိုက်ချိန်က နမခ မှတက်လာတဲ့ Mi – 35 တစ်စီး၊ ရွှေဘို ခမ၇ ၂၂ ကတက်လာတဲ့ Mi-17 တစ်စီး၊ ကျန်တစ်စီးက အင်အား ၂၅၊ ၃၀ လောက်လာချသွားတာ။ လူအင်အားလည်းလာချသွားတယ်။လေယာဉ်နဲ့လည်းပစ်သွားတယ်ဆိုတော့ ကျွန်တော်တို့ ၅း၅၇ မှာ ပြန်ဆုတ်လိုက်ရတယ် ” ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီ၏ တပ်မ၃၃ လက်အောက်ခံတပ်များက အင်အား၁၀၀ ကျော်ဖြင့် မေလ ၁၉ ရက်တွင် ပဒူကျေးရွာနှင့်အနီးနားကျေးရွာများကို စစ်ကြောင်းထိုးပြီး ပစ္စည်းများ မွှေနှောက်ယူဆောင်၍ ပဒူရွာရဲစခန်းတွင် အထိုင်ချနေခဲ့ကြသည်။
ထို့ကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်း၍ ပဒူတိုက်နယ် ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရဲစခန်းအဆောင်တချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြသည်ဟု သိရသည်။
ပဒူကျေးရွာအပါအဝင် အနီးနားကျေးရွာမှ ပြည်သူတစ်သောင်းခန့်သည် မေလ၁၉ ရက်ကတည်းက ထွက်ပြေးတိမ်းရောင်နေကြသဖြင့် လေကြောင်းတိုက်ခိုက်ခံရမှု၌ ထိခိုက်မှုမရှိဟု သိရသည်။
သို့သော်လည်း နေအိမ်များမီးလောင်မှုအပါအဝင် နေအိမ်အဆောက်အဦး ၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1171
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4524
Website ->https://eng.thanlwinkhet.net