သံလွင်ခက်။
မေ ၂၃၊ ၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂နယ်မြေ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့၁၃ မိုင် လူနေရပ်ကွက်များအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟုဒေသခံများထံက သိရသည်။
ယမန်နေ့ မေလ ၂၂ ရက် ညပိုင်းမှစ၍ မေလ ၂၃ ရက် မနက်ပိုင်းထိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ပစ်တာ။ မိုးစချုပ်ထဲက ပစ်တာ မနက်ပိုင်းမှာတော့ အသံမကြားရတော့ဘူး။ဘယ်ကနေ ပစ်တာလည်းတော့ မမြင်ရတော့ အတိကျပြောမရဘူး။ ကြားပဲ ကြားရတာ ” ဟုဆိုသည်။
စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီးများသည် သံတောင်မြို့ ၁၃ မိုင် ရပ်ကွက် ၂ နှင့် ၃ အစပ်ကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်းပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သံတောင်မြို့ ၁၃ မိုင် အဝင်အထွက်တွင် စစ်ကောင်စီ ဂိတ်ရှိသည့်အပြင် ၇မိုင်၊ ၄ မိုင်၊ ဥသျှစ်ကုန်း၊ ရွှေညောင်ပင်နှင့် သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့) စသည့်နေရာများတွင် စစ်ကောင်စီတပ်ရင်း၊ ဂိတ်စခန်းများရှိသည့်အတွက် မည်သည့်နေရာမှ လက်နက်ကြီးဖြင့် ပစ်ခတ်သည်ကို မသိရှိရဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” အရင်ထဲကလည်း အဲ့လို လက်နက်ကြီးတွေနဲ့ ပစ်တော့ ၁၃ နဲ့ နီးစပ်ရာအပြင် တောင်ငူမြို့ပေါ်မှာတိမ်းရှောင်နေရတယ်။ တချို့ကြတော့ အိမ်ငှားမနေနိုင်လို့ နေစရာအိမ်မရှိတဲ့ သူတချို့တော့ နေကြတာရှိတယ် ” ဟုဆိုသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်တွင်လည်း စစ်ကောင်စီတပ်က သံတောင်မြို့၁၃မိုင်အတွင်းကို ၁၂၀မမ လက်နက်ကြီး(၄)လုံး ပစ်ခတ်ခဲ့သည့်အတွက် Sunday School ကျောင်းခေါင်မိုးများ ပျက်စီးခဲ့ရသည်။
ထို့ပြင် မေလ ၁၉ ရက်နေ့တွင်လည်း သံတောင်မြို့၁၃မိုင် ရပ်ကွက်(၁)တွင် နေထိုင်သူ အမျိုးသား ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သံတောင်မြို့ ၁၃ မိုင်တွင် ရပ်ကွက်လေးခုရှိပြီး လူနေအိမ် ရပ်ကွက်များအတွင်းကို စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် ဒေသခံ ရှစ်ထောင်ဝန်းကျင်သည် ပျားစခန်းကျေးရွာအပါအဝင် နီးစပ်ရာရွာတချို့နှင့် တောင်ငူမြို့ပေါ်သို့ ပြောင်းရွှေ့နေကြရသည်မှာ ၄လခန့်ရှိပြီ ဖြစ်သည်။
၂၀၂၂ခုနှစ်ကစပြီး စစ်ကောင်စီတပ်သည် သံတောင်မြို့ ၁၃ မိုင်ရှိ ရပ်ကွက်များအတွင်းကို လက်နက်ကြီး ပစ်ခတ်မှုနှင့် မီးရှို့မှုကြေင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – မေလ ၂၁ ရက် လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် Sunday School ကျောင်း မြင်ကွင်း/ ပုံအဟောင်း
Photo – ThandaungMupoe
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1170
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4521
Website ->https://eng.thanlwinkhet.net