သဇင်
မေ ၂၃၊၂၀၂၃။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ တောင်မင်းကုလားစစ်ရှောင်စခန်းတွင် မိုခါမုန်တိုင်းကြောင့် စစ်ရှောင်စခန်းများပျက်စီးသွားပြီးနောက် အကူညီများမရောက်ရှိသဖြင့် စစ်ဘေးရှောင်ပြည်သူများ အခက်ခဲများရှိနေသည်ဟုကူညီသူများထံက သိရသည်။
မေလ ၁၄ရက်နေ့တွင် ဝင်ရောက်ခဲ့သည့် အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိနေရာအများပြားပျက်စီးခဲ့ပြီး တောင်မင်းကုလားစစ်ရှောင်စခန်းရှိ နေအိမ်များလည်း ပျက်စီးခဲ့ကာ အကူညီများရောက်လာခြင်းမရှိဟု တောင်မင်းကုလားစစ်ရှောင်စခန်းရှိ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဒီက အိမ်အမိုးအကာတွေက နဂိုထဲက ဆွေးနေပြီဆိုတော့ မုန်တိုင်းတိုက်တော့ ပိုဆိုးသွားတာပေါ့။ ကိုယ့်ရဲ့အိမ်ဘယ်နားရောက်သွားတယ်ဆိုတာ မသိလောက်အောင်ကို အခြေနေဆိုးသွားတယ်။ ဘာမှကိုမရလိုက်တဲ့ အခြေနေပါ။ အခုလက်ရှိက တာလပတ်လေးတွေနဲ့ တဲလေးဆောက်ပြီး ယာယီပုံစံဆောက်လုပ်ပြီး နေနေကြတယ်။ မိုးရွာတဲ့အခါကျတော့ လုံးဝအဆင်မပြေဘူးပေါ့နော်။လေပြင်းတိုက်ပြီးမိုးရွာတဲ့အချိန်တွေဆိုရင် အဝတ် စိုစိုစွတ်စွတ်နဲ့တစ်နေ့လုံး ငုတ်တုတ်ထိုင်ပြီး ညဆိုလဲ မိုးလင်းပေါက်ငုတ်တုတ်ထိုင်နေရတဲ့ အချိန်တွေလဲရှိတယ် “ဟု ၎င်းကပြောသည်။
ထို့ပြင် စစ်တွေမြို့နယ်တွင် ကူညီကယ်ဆယ် ရေးများ လုပ်ဆောင်ပေးနေသော်လည်း စစ်ရှောင်စခန်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့မှု များ လုံးဝရောက်ရှိလာခြင်းမရှိဟု ၎င်းကဆက်ပြောသည်။
တောင်မင်းကုလားစစ်ရှောင်စခန်းတွင် အိမ်ထောင်စု (၁၅၆)စု ၊လူဦးရေ တစ်ထောင်ကျော်ရှိပြီး ၎င်းတို့သည် ထိုစစ်ရှောင်စခန်းအတွင်း နေထိုင်နေသည်မှာ ၅နှစ်ကျော် ရှိပြီဟု စစ်ဘေးရှောင်များကပြောသည်။
အမိုးအကာမလုံခြုံသည့် ယာယီတဲများတွင်သာ နေထိုင်နေကြရသည့်အပြင် ရာသီဥတုမမျှတသဖြင့် ကျန်းမာရေးအတွက် ဆေးဝါးအကူညီများလည်း လိုအပ်နေသည်ဟု ကူညီသူတစ်ဦးကပြောသည်။
၎င်းက “ရာသီဥတုကလဲ မိုးရွာလိုက်နေပူလိုက်ဆိုတော့ကျန်းမာရေးက မကောင်းတာတွေများတယ်။သောက်သုံးရေတို့ သုံးရေတို့ရှားတယ်။မုန်တိုင်းတိုက်ပြီးနောက် ရေတွေကနောက်သွားတဲ့ခါကျတော့ သောက်ဖို့လဲအဆင်မပြေဘူး။ချက်ပြုတ်ဖို့လဲအဆင်မပြေဘူး ။အဲ့တာကြောင့် ကလေးရောလူကြီးရော ဝမ်းလျှောဝမ်းပျက်ဖြစ်တယ်။ယားနာတွေပေါက်တယ်။ဆေးတွေလဲ လာကူညီမယ့်သူမရှိတော့ ဖြစ်သလိုပဲနေနေကြတယ်“ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မေလ ၁၄ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် မိုချာမုန်တိုင်းကြောင့် ယနေ့အချိန်အထိ ရခိုင်ပြည်နည်က ၄၃၁ ဦးအပါအဝင် နိုင်ငံတဝန်းက ပြည်သူ ၄၅၅ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရNUGက ထုတ်ပြန်ထားသည်။
ပုံစာ–တောင်မင်းကုလား စစ်ရှောင်စခန်း မြင်ကွင်း။
Photo –ပေးပို့။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1168
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4518
Website ->https://eng.thanlwinkhet.net