ကောင်းချစ်အောင်
မေ ၂၃၊ ၂၀၂၃။
မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံဗဟိုအကျဉ်းထောင်တွင် ဖုန်းတစ်လုံးတွေ့ရှိသည်ဟူသော အကြောင်းပြချက်ဖြင့်နိုင်ငံရေးအကျဉ်းသားများကို ခေါ်ထုတ်ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အကျဉ်းသားတစ်ဦးသေဆုံးခဲ့ရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
မေလ ၂၁ရက် ညပိုင်းကစ၍ ခေါ်ထုတ်စစ်ဆေးနေရာလက်ရှိအချိန်တွင် ခေါ်ထုတ်စစ်ဆေးခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၉ဦး ထိရှိလာပြီဖြစ်သည်။
ရိုက်နှက်စစ်ဆေးခံရသူများအနက် ကိုဥက္ကာသေဆုံးသွားသည်ဟူသော ကနဦးသတင်းများထွက်လာမှုကြောင့် ကျန်ရှိသည့်နိုင်ကျဉ်းများက ယမန်နေ့မှစ၍ အစာငတ်ခံဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိကြသည်ဟု နီးစပ်သူတစ်ဦးကသံလွင်ခက်ကိုပြောသည်။
၎င်းက“ခေါ်ထုတ်ခံထားရတဲ့သူတွေထဲမှာ ကိုဥက္ကာသေသွားပြီလို့တော့ ကနဦးသတင်းထွက်လာတာ။ အလောင်းတော့မတွေ့ရသေးဘူး။ ကျန်တဲ့သူတွေက ထောင်အာဏာပိုင်တွေကို ဖီဆန်တဲ့အနေနဲ့ ဝေတဲ့ ထမင်းဟင်းတွေကိုလက်မခံဘဲ အစာငတ်ခံဆန္ဒပြနေတာ “ဟု ဆိုသည်။
မေလ၂၁ရက် ည၅နာရီ ၁၅မိနစ်ခန့်တွင် အိပ်ဆောင်အမှတ်၂ရှိ ကိုကျော်မင်းနိုင်နှင့် ကိုသက်မောင်မောင်အားလည်းကောင်း၊ ည ၁၀ နာရီ ၃၀မိနစ်ခန့်တွင် ကိုကျော်မျိုးတင့်နှင့် ကိုဇော်ဇော်အောင်အားလည်းကောင်း၊ ည ၁၁နာရီခန့်တွင် ကိုဥက္ကာအား အသီးသီးဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါသူများကို မည်သည့်အကြောင်းပြချက်ဖြင့် ခေါ်ထုတ်သွားသည်ကို ကျန်ရှိသည့်နိုင်ကျဉ်းများကအိပ်ဆောင်မှုးထံမှတဆင့် ထောင်ပိုင်ဆီ မေးမြန်းခဲ့သော်လည်း တိတိကျကျအကြောင်းပြန်ကြားခြင်းမရှိပေ။
ထို့အပြင် မေလ ၂၂ရက် နံနက် ၁၀နာရီခန့်တွင် ကိုကျော်တင့်ဦးနှင့် ၁၂နာရီခန့်တွင် ကိုအောင်မျိုးသန့်တို့အားထပ်မံခေါ်ထုတ်သွားပြီး ယနေ့နံနက်ပိုင်းတွင်လည်း ကိုဇော်လှိုင်းနှင့် ကိုရာဇာထွန်းလွင် နှစ်ယောက်အား ခေါ်ဆောင်သွားသည်ဟု ထောင်နှင့်နီးစပ်သူများထံမှ ထပ်မံသိရှိရသည်။
“ကြားသိရသလောက်တော့ ဖုန်းတစ်လုံးတွေ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေကတော့ ဆက်တိုက်သတင်းတွေလွှင့်နေတယ် အတည်ပြုတော့မရသေးဘူး“ဟု နီးစပ်သူတစ်ဦးကဆိုသည်။
မြင်းခြံထောင်သို့ အခြားနီးစပ်ရာထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ယခုနှစ်ပိုင်းအတွင်း စစ်ကောင်စီကပို့ဆောင်လျက်ရှိပြီး အများစုမှာ ထောင်ဒဏ်အမိန့်အပြီးသတ်ချမှတ်ခံထားရသူများဖြစ်သည်ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် မြင်းခြံထောင်အတွင်းရှိ အိပ်ဆောင်များအား တန်းဖွင့်ပေးထားခြင်းမရှိဘဲ အကျဉ်းသားများကို အဆောင်ထဲတွင် သော့ခတ်ပိတ်ထားကာ စစ်သားနှင့်ရဲများလည်း အုတ်ရိုးအတွင်း တပ်စွဲထားသည်ဟု သိရသည်။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1167
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4515
Website ->https://eng.thanlwinkhet.net