သံလွင်ခက်
မေ ၂၀ ၊ ၂၀၂၃ ။
အင်အား ၁၀၀ ဝန်းကျင်ထိရှိသည့်စစ်ကောင်စီ တပ်နှင့်ပျူစောထီးစစ်ကြောင်းက ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအား ယနေ့ (မေလ၂၀ရက်) နံနက်အစောပိုင်းတွင် မီးတင်ရှို့နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှ တပ်စွဲနေသော ထိုစစ်ကြောင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရွှေဘိုနယ် လိပ်ရကုန်းကျေးရွာနှင့် ခင်ဦးနယ် အောင်ချမ်းသာကျေးရွာတို့ကို မီးတင်ရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက်အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် ကံသစ်ကျေးရွာအတွင်းကို လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်ဝင်ရောက်၍ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
” မနေ့ညက ကံသစ်ရွာမှာပဲ ညအိပ်စခန်းချပြီး အခုမနက်အစောပိုင်းမှာ မီးရှို့နေကြတာ “ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေမှုကြောင့် ကံသစ်ကျေးရွာအပါအဝင်အနီးအနားကျေးရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ်နေသည် ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ယမန်နေ့ညနေပိုင်း၌ ဖော်ပြထားသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသည့်ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ စာရင်းများပြုစုထားမှုအရမိုခါမုန်တိုင်းကြောင့် ခင်ဦးမြို့နယ်တွင် ကျေးရွာ ၄၉ရွာမှ နွေရာသီ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ဧက တစ်သောင်း ကျော် ရေနစ်ပျက်စီးခဲ့သည်ဟုသိရသည်။
ထိုပြင် ခင်ဦး–ရေဦး နယ် မူးမြစ်ကူးတံတား ကိုယ်ထူကိုယ်ထ စစ်ရှောင်တံတားတစ်ခုပျက်စီးပြီး မီးဘေးသင့်စစ်ဘေးရှောင်များ၏ ယာယီတဲများစွာလည်း ပျက်စီးခဲ့ရသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးထားမှုကြောင့် ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ် ၅၀၀၀ ခန့်မီးလောင်ပျက်စီးခဲ့ရပြီး မီးဘေးသင့်ပြည်သူ အများစုမှာ ယာယီတဲအိမ်များဖြင့်သာနေကြရသည်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုများကြောင့် ယာယီတဲအိမ်များ၏ အမိုး၊ အကာနှင့်နေရာထိုင်များပျက်စီးကြရသောကြောင့် မီးဘေးသင့် စစ်ဘေးရှောင်များမှာ နီးစပ်ရာ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းများ၌ စုပြုံ၍နေကြရသည်။
အိမ်ထောင်စု ၅၀၀၀ ခန့်မှ မီးဘေးသင့်စစ်ရှောင် နှစ်သောင်းကျော်အတွက် နေစရာ၊ စားစရာနှင့် အဝတ်အထည်များ လိုအပ်နေသောကြောင့် မြို့နယ်တွင်းမှကူညီရေးအဖွဲ့များဖြင့် မလုံလောသောကြောင့် ပြင်ပမှအဖွဲ့အစည်းများဝိုင်းဝန်းကူညီနေကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံကိုနေသူရိန်က သံလွင်ခက်မှတစ်ဆင့်တောင်းဆိုထားသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များ၏ မကြာခဏစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခံနေရသည့် ခင်ဦးမြို့တွင် မုန်တိုင်းမလာမီ မေလ ၇ရက်မှ ၁၂ ရက်ထိတွင်လည်း စစ်ကြောင်းထိုးမီးရှို့ခံခဲ့ရသည်။
အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ရှိ ကဘွက်ကျေးရွာ၊ကုတ္တက်ကျေးရွာ၊ရုံးပင်ကျေးရွာ ၊ သင်ပေါင်းကျေးရွာ၊သရက်ကုန်းကျေးရွာ၊တောင်ဘို့ရေကျေးရွာ စသည့်ကျေးရွာ၆ မှ နေအိမ် ၂၀၀ကျော်မီးလောင်ပြာကျခဲ့ပြီး ဒေသခံ၂၀၀၀ ကျာ်သည်လည်း မုန်တိုင်းအလွန်ကာလထိ နေရပ်များမပြန်နိုင်သေးပေ။
ထို့ပြင် မုန်တိုင်းကျရောက်သည့် ရက်ပိုင်းဖြစ်သည့် မေလ ၁၄ ရက်တွင်လည်း ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချနေသော စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းပျူစောထီးတပ်ဖွဲ့ဝင်များပေါင်း၍လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ပြီး ချမ်းသာကုန်းကျေးရွာ အတွင်းသို့ စစ်ကြောင်းထိုးခဲ့သောကြောင့်ဒေသခံ ၃၀၀၀ ကျော်မိုးရေထဲ ထွက်ပြေးရှောင်တိမ်းခဲ့ကြရသည်။
ပုံစာ–ယခုလအတွင်း၌ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် ခင်ဦးမြို့နယ်ကျေးရွာနေအိမ်များပျက်စီးမှု။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1125
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4422
Website ->https://eng.thanlwinkhet.net