သံလွင်ခက်
မေ ၁၉၊ ၂၀၂၃။
အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခြင်း ခံထားရသည့် ကချင်ပြည်နယ်၊ကက်သလစ်အသင်းတော်၊ မြစ်ကြီးနားသာသနာမှ ဘုန်းတော်ကြီးကိုသက်ဆိုင်ရာက ဖမ်းဆီးနိုင်ခြင်းမရှိသေးဟုကူညီနေသူများကပြောသည်။
အဆိုပါ ဘုန်းတော်ကြီးကို မြစ်ကြီးနားမြို့၊ အမှတ် (၂) ရဲစခန်းတွင် မေလ ၆ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆ (မုဒိမ်းမှု) အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သည့် လိင်ဆက်ဆံမှု) ပုဒ်မများဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
တရားစွဲဆိုခြင်းခံထားရသည့် ဘုန်းတော်ကြီး အနေဖြင့် တရားစွဲဆိုမှုကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည်ဟု လိုက်ပါကူညီဆောင်ရွက်ပေးသည့် အမျိုးသမီးတက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာ က သံလွင်ခက်ကို ပြောသည်။
“သူဟာ ဝရမ်းပြေးဖြစ်သွားပြီ ဖြစ်တဲ့အတွက်ကြောင့် တရားရုံးနဲ့ ရဲစခန်းမှာ အဖမ်းခံခြင်းမရှိဘဲ တိမ်းရှောင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ကို ဖုံးကွယ်ထားပေးတဲ့သူ၊ ဖွက်ထားပေးတဲ့သူဟာ ရာဇသတ်ကြီးပုဒ်မ ၂၁၂ အရထောင်ဒဏ်ကျနိုင်ပါတယ်” ဟုပြောသည်။
ထွက်ပြေးလွတ်မြောက်နေခြင်းသည် ပြည်သူ့လုံခြုံရေးနှင့် ကျူးလွန်ခံရသူအမျိုးသမီး၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယခုဖြစ်စဉ်အတွက် ဝမ်းနည်းရပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် သတိပြုမည်ဟု ကချင်ပြည်နယ်၊ကက်သလစ်အသင်းတော်၊ မြစ်ကြီးနားသာသနာ၏ ဘုန်းတော်ကြီး ဖါသာ ဒေါက်တာယုံဝါက ပြောသည်။
“အရမ်းဝမ်းနည်းတယ်။ ကျွန်တော်တို့ မထင်ထားတာ ဖြစ်လာတာလေ။ ကျွန်တော်တို့လည်း အခုလိုဖြစ်စဉ်ကိုသတိထားရမယ်။ အခုလိုဖြစ်စဉ်မဖြစ်အောင် မိန်းကလေးတွေနဲ့ ဘုန်းတော်ကြီးတွေ ရင်းနှီးဆက်ဆံမှုတွေကို ပြန်ဆန်းစစ်ရတော့မှာပေါ့။ အခုဖြစ်စဉ်ဆိုလည်း မသိလိုက်ဘူး။ ဖြစ်ပြီဆိုမှ စာတွေဝင်လာမှ လန့်သွားတာ” ဟု ၎င်းကပြောသည်။
အသက် ၂၀ ကျော် အရွယ် ကက်သလစ်ဘာသာဝင် အမျိုးသမီးတစ်ဦးကလည်း ယခုလိုဖြစ်စဉ်မျိုးကိုပြင်းပြင်းထန်ထန် ရှုတ်ချပြီး တရားမျှတမှုကိုလိုလားသည်ဟု ပြောသည်။
“ဒီဖြစ်စဉ်ကို လက်ခံလို့ မရဘူး။ ဘုရားရဲ့ ခန္ဓာကိုယ်ဆိုပြီး ပေးထားပြီးတော့ နောက်ကွယ်မှာက မကောင်းတာတွေလုပ်နေတာမသင့်တော်ဘူး၊ လူအများရှေ့မှာ မှားခဲ့တာကို တောင်းပန်ပြီး တရားမျှတ မှန်ကန်စွာ လုပ်လိုက်တာက ပိုသင့်တော်မယ်လို့ မြင်တယ်” ဟုသူမက ပြောသည်။
အသင်းတော်အနေဖြင့် မည်သို့လုပ်ဆောင်သွားမည်ကို အသင်းသူ၊ အသင်းသားများအား ရှင်းရှင်းလင်းလင်းထုတ်ပြန်စေလိုသည်ဟု ၎င်းကဆက်ပြောသည်။
တရားစွဲဆိုခြင်းခံထားရသူကို သက်ဆိုင်ရာ ရဲ စခန်းတွင် အပ်နှံပေးရန်နှင့် ဥပဒေအရ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ပေးရန် မိသားစုဝင်များနှင့် ကူညီသူများက လိုလားနေကြသည်။
Photo-Crd
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1123
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4419
Website ->https://eng.thanlwinkhet.net