ယမင်းဖူးပွင့်အောင်
မေ ၁၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပဲစိုက်ခင်းများ ပျက်စီးသွားပြီး တောင်သူများပြန်လည်စိုက်ပျိုးရန် အခက်အခဲကြုံတွေ့နေရသည်ဟု ကူညီသူများထံက သိရသည်။
ပဲတီစိမ်းစိုက်ခင်း တစ်ဧကကို ခြောက်သိန်းဝန်းကျင်ခန့် ကျသင့်ပြီး မုန်တိုင်းကာလအတွင်း ပျက်စီးသွားခဲ့သောကြောင့် ကြွေးမြီများပြန်မဆပ်နိုင်သလို မိုးစပါးထပ်မံစိုက်ပျိုးရန်လည်း အကူအညီများလိုအပ်နေသည်ဟုဒေသခံများကပြောသည်။
အရင်းအနှီးမရှိသည့် တောင်သူများက ချေးငှား၍ စိုက်ပျိုးကြပြီး ပဲရိတ်သိမ်းရောင်းချပြီးချိန်မှ စိုက်ပျိုးရေးကုန်ကျငွေအကြွေးများ ဆပ်ရန်ရည်ရွယ်ထားသော်လည်း ယခုအခြေနေတွင် မဖြစ်နိုင်တော့ဟု S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ပဲလေးပေါ်ခဲ့ရင် အကြွေးဆပ်မယ်။ လိုအပ်တာသုံးမယ်။ လှူကြ တန်းကြမယ်လို့ တွေးခဲ့ကြတာပေါ့။ ဒါပေမယ့်လက်တစ်ကမ်းအလိုမှာပဲ ခုလိုပျက်စီးသွားတဲ့အတွက် ဘာမှလုပ်လို့မရတော့ဘူး” ဟု၎င်းက ပြောသည်။
လတ်တလော ပဲတီစိမ်း တစ်တင်းကို ကျပ် ခုနှစ်သောင်း ခုနှစ်ထောင်ဖြင့် ဈေးကောင်း ရှိနေသည့် အတွက်ရောင်းချပြီးနောက် ရရှိသည့် အမြတ်ငွေများကို အကြွေးများဆပ်ရန်နှင့် နောက်ထပ်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တောင်သူများက မျှော်မှန်းထားခြင်း ဖြစ်သည်။
ဒီပဲယင်းမြို့နယ်တွင် နွေရာသီကာလ နွေစပါးစိုက်ပျိုးခဲ့စဉ်ကလည်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမီးရှို့မှုကြောင့်တောင်သူများနစ်နာဆုံးရှုံးခဲ့ရပြီး ယခု ပဲစိုက်ခင်းများ ထပ်မံပျက်စီးသွားသည့်အတွက် နောက်ထပ် သုံးနှစ်ခန့်တောင်ယာစိုက်ပျိုးမှသာ အကြွေးကျေမည်ဟု ၎င်းကဆက်ပြောသည်။
ဒေသခံတောင်သူတစ်ဦးက “နွေစပါးတုန်းက လယ်တွေ သိမ်းပြီးမှ စစ်ကြောင်းတွေက ဝင်လာတာ။ တစ်ချို့ကျတော့ ရောင်းပြီးသား။ တစ်ချို့ကျတော့လည်း စပါးတိုင်ထဲမှာထားပြီး စျေးတက်တာစောင့်ပြီးမှ ရောင်းဖို့လုပ်ထားကြတာ။ အိမ်မီးရှို့ခံရတော့ စပါးတွေက ပါသွားတယ်။ ပဲကျတော့လည်း မုန်တိုင်းကြောင့် ပျက်စီးသွားတယ်။ နှစ်ခါနာသွားတာပေါ့” ဟုပြောသည်။
စစ်ကိုင်းတိုင်းအခြေစိုက် S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီပဲယင်းတောင်သူများမိုးစပါးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးအထောက်အကူပစ္စည်းများကူညီရန် စီစဉ်နေသည်ဟုဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အတွင်းက စပါးနှင့်ပဲ ဧကပေါင်း ထောင်နှင့်ချီရေမြုပ်ပျက်စီးခဲ့သည်။
ပုံစာ− ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးသွားသော ပဲစိုက်ခင်းများ။
Photo-S & C
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1120
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4414
Website ->https://eng.thanlwinkhet.net