သံလွင်ခက်
မေ ၁၉ ၊ ၂၀၂၃ ။
မိုခါမုန်တိုင်းကာလအတွင်း၌ လေကြောင်းတိုက်ခိုက်မှုခံရသည့် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးသည့်မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့ရာတွင်လည်း ချန်လှပ်ထားခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သောမြို့နယ်များအနက် မတူပီ ၊ ပလက်ဝ ၊ ဟားခါးနှင့်တီးတိန်မြို့နယ်များကိုသာ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် စစ်ကောင်စီက ကြေညာခဲ့သည်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများကိုထုတ်ပြန်ကြေညာခဲ့ရာတွင် မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ကန်ပလက်၊ ဟားခါး၊ ဖလမ်း ၊ ထန်တလန် ၊ တီးတိန်၊ တွန်းဇွံမြို့နယ်များပါဝင်ပြီး နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး၊ စပါးကျီ စသည့် အဆောက်အဦး၁၈၅၇ ခုပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် မတူပီမြို့နယ်က နေအိမ်နှင့် အဆောက်အဦး ၈၉၉ ခုဖြင့်အများဆုံးဖြစ်ပြီး မင်းတပ်မြို့နယ်က နေအိမ်နှင့်အဆောက်အဦး ၃၉၆ ခုဖြင့် ပျက်စီးမှုဒုတိယအများဆုံးဖြစ်ခဲ့သည်။
” မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီက ဆက်သွယ်ရေးဖြတ်ထားတဲ့ တိုက်နယ် အမှတ် (၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄) အထူးသဖြင့် ပလက်ဝ နယ်စပ်နှင့် မတူပီ နယ်စပ် အမှတ် ၁၀ နှင့် ၁၃ ဘက်မှာရှိတဲ့ ကျေးရွာတွေဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ် “ဟုမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။
လက်ရှိအချိန်တွင် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လက်လှမ်းမမှီသည့်နေရာများသို့ မြေပြင်အထိ သွားရောက် စာရင်းကောက်ယူနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မုန်တိုင်းသင့်ပြည်သူများကို အကူအညီပေးရန် ကြိုးစားနေသည်ဟု
သိရသည်။
မင်းတပ်မြို့နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသောကြောင့် ပြည်သူ့များ၏ ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့်မဖော်ပြနိုင်သည့်အတွက် အခြားလူမှုအဖွဲ့များထံမှ အကူအညီရရှိရန် အခက်အခဲရှိနေသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
ယခုနှစ်အစပိုင်းကတည်းက စစ်ကောင်စီက မင်းတပ်မြို့နယ်ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်များဖြတ်တောက်ခံထားပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့ရာ မုန်တိုင်းကာလအတွင်းဖြစ်သည့် မေလ ၁၃ရက်နှင့် မေလ ၁၆ ရက်တို့တွင်လည်း ဂျက်ဖိုက်တာ တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဒေသခံများထံမှ သိရသည်။
ပုံစာ–မုန်တိုင်းကြောင့် မင်းတပ်မြို့နယ်အတွင်းမှ နေအိမ်တချို့ ထိခိုက်ပျက်စီးမှုများ ။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1119
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4411
Website ->https://eng.thanlwinkhet.net