ကောင်းချစ်အောင်
ဧပြီ ၂၁၊ ၂၀၂၃။
မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒရုန်း ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က အဆိုပါရဲစခန်းနှင့် ထွေအုပ်ရုံးအား ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လေတိုက်နှုန်းပြင်းထန်နေမှုကြောင့် တစ်လုံးမှာ ဆေးရုံဝင်းအတွင်း ရင်ခွဲရုံပေါ်သို့ ကျရောက်ခဲ့သည်ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ထွေအုပ်ရယ် ရဲစခန်းရယ် ဆေးရုံရယ်က ကပ်လျက်ရှိတာ လေတအားတိုက်နေတော့ ဆေးရုံဘက်ကျသွားတာရင်ခွဲရုံပေါ်ဆိုတော့ လူအထိအခိုက်တော့မရှိဘူး“ဟု သိရသည်။
မြို့ပေါ်ဒရုန်းမစ်ရှင်များပြုလုပ်ရာတွင် jammerများ၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ ဝိုင်ဖိုင်လှိုင်းများ နှောင့်ယှက်မှုအပြင် လေတိုက်နှုန်းပြင်းထန်မှုကြောင့် ပစ်မှတ်တိတိကျကျတိုက်ခိုက်ရာတွင် အခက်အခဲများရှိသည်ဟုဆိုသည်။
“ဆေးရုံဝင်းထဲကို ကျသွားတဲ့အတွက် မိဘပြည်သူတွေကို တောင်းပန်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် မစ်ရှင်လုပ်တဲ့အခါ အလွဲအမှားတွေရှိရင်လည်း နားလည်ပေးကြပါ“ဟု ယူနီကွန်းအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို စိန်ပန်းနီနီ Drone teamနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းနှင့် ထွေအုပ်ရုံးများ၏ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။
ပြောက်ကျားတပ်ဖွဲ့များက ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ ၁၈ရက်တွင်လည်း မတ္တရာမြို့ပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးကို ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3701
Website ->https://eng.thanlwinkhet.net