• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြဝတီ KK Park မှ ထိုင်းဘက်သို့ ထွက်ပြေးလာသူ ၁၅၀၀ကျော်ရှိလာ၊ ယာယီစခန်းများတွင် ခွဲခြားစိစစ်
  • TNLA ထိန်းချုပ်နယ်မြေတွင် ဗုံးဒဏ်ကြောင့် ဒေသခံ ၅၀ နီးပါး သေဆုံး
  • စစ်တောင်းမြစ်ကမ်းပါးပြိုပြီး နေအိမ် ၂၇ လုံး မျောပါ
  • ပုဏ္ဏားကျွန်းကို ရက်ဆက် ဗုံးကြဲ၍ ဒေသခံ ကလေးငယ်များ အပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံး
  • စစ်တပ် လက်နက်ကြီးကြောင့် ဖလူးကျေးရွာလမ်းရှိ ဗြောက်အိုးဂိုဒေါင်ပေါက်ကွဲ
  • မိုးကုတ်မြို့အား ကာကွယ်ရန် တပ်ဖွဲ့ဝင်များအား မိုးကုတ်ဗျူဟာမှ ဖိတ်ခေါ်
  • ကျောက်ဖြူတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ခံရ၍ ဒေသခံများ သေဆုံး၊ ဒဏ်ရာရ
  • မောင်းမကန်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ သိမ်းပိုက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဆီမှ ပဋိပက္ခများ
ဆောင်းပါး

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဆီမှ ပဋိပက္ခများ

thanlwinkhetBy thanlwinkhetApril 19, 2023No Comments9 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံအရှေ့မြောက်ဘက်ပိုင်းဆီမှာ ကာလရှည်ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်ပွဲတွေဆီက ရရှိထားတဲ့ စီးပွားရေးအကျိုးအမြတ်တွေကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် မြန်မာစစ်တပ်နဲ့ EAOs တွေကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး လက်ရှိ မြန်မာစစ်တပ်နဲ့ အတိုက်အခံတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကလည်း ထင်ထားသလောက် မရိုးရှင်းလှပါဘူး။

မြန်မာနိုင်ငံအရှေ့မြောက်ဘက်ပိုင်းက လူမျိုးရေးလှုပ်ရှားမှုတွေ၊ သောင်းကျန်းသူနှိမ်နင်းရေးဆိုင်ရာ စစ်ရေးလှုပ်ရှားမှုတွေ၊ ဒေသခံပြည်သူ့စစ်တွေနဲ့ စစ်ပွဲဆိုင်ရာ အကျိုးစီးပွားတွေက လိုဏ်ဂူနံရံတွေကို ပြန်ကန်ပြီး အထပ်ထပ် ထွက်ပေါ်လာနေတဲ့ ပဲ့တင်သံတွေ ဖြစ်နေခဲ့တာ ကြာပါပြီ။

နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ကလည်း မြန်မာစစ်တပ်၊ ဒေသခံပြည်သူ့စစ်အဖွဲ့အစည်းတွေအပြင် များပြားလွန်းတဲ့ ရှမ်း၊ ကချင်၊ တအာင်းနဲ့ ဝလူမျိုးတွေရဲ့ လူမျိုးရေးဆိုင်ရာ တပ်ဖွဲ့အသီးသီးရဲ့ ဒဏ်ခံစားနေရတာကလည်း ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုးတွေပါပဲ။ ဒေသခံတွေဟာ ဖော်ပြခဲ့တဲ့ အဖွဲ့အစည်းအသီးသီး အုပ်ချုပ်ရာ နယ်မြေဒေသတွေမှာ နေထိုင်နေကြသလို တချို့ကတော့လည်း လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ တစ်ဖွဲ့တည်းက ကြီးစိုးထားတဲ့ နယ်မြေဒေသတွေမှာ နေထိုင်နေကြပါတယ်။ ၁၉၄၈ ခုနှစ် အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရချိန်ကစပြီး ရှမ်းနဲ့ ကချင်ပြည်နယ်ရဲ့ နယ်မြေအစိတ်အပိုင်းတချို့ကိုတော့ ဗဟိုအစိုးရတစ်ခုတည်းက အုပ်ချုပ်ခဲ့ပါတယ်။

အရှေ့မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုအနေနဲ့ စစ်အာဏာသိမ်းတာကို ရှုတ်ချပြီး စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပေမယ့် အာဏာသိမ်းမှုဆန့်ကျင်ရေးအတိုက်အခံတွေနဲ့ စစ်ရေးဗျူဟာပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်တာမျိုးတော့ မရှိခဲ့ပါဘူး။ ခြွင်းချက်တစ်ခုအနေနဲ့ ထူးခြားချက်တစ်ခုကတော့ စကစကို အတိုက်အခံပြုနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကျန်တဲ့ EAOs တွေကို တိုက်တွန်းနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်ကောင်စီဆန့်ကျင်ရေး PDFs အနေနဲ့ကလည်း KIO အခိုင်အမာနေရာယူထားတဲ့ ကချင်ပြည်နယ်တွင်းက တချို့ဒေသတွေနဲ့ ရှမ်း – အပူပိုင်းခြောက်သွေ့ဇုန်နယ်စပ် တချို့နေရာတွေကလွဲပြီး လက်ရှိဖြစ်နေတဲ့ စစ်ပွဲအခင်းအကျင်းကို လွှမ်းမိုးထားနိုင်တဲ့ အနေအထား မရှိပါဘူး။ အရှေ့မြောက်ဒေသမှာ ရှမ်းမျိုးနွယ်စုအတွက် စံပြအဖြစ် ရပ်တည်နေတဲ့ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ရဲ့ ပဋိပက္ခတွေကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ စစ်မျက်နှာအခင်းအကျင်းတွေမှာ တခြားဒေသတွေနဲ့ မတူဘဲ အရှေ့မြောက်ဒေသရဲ့ စစ်မျက်နှာကို ပိုပြီး ထူးခြားစေတဲ့ ပဋိပက္ခ သုံးမျိုး ရှိနေပါတယ်။ အဲဒီ သုံးမျိုးက –

(၁) စကစနဲ့  NUG ကို ထောက်ခံတဲ့ EAOs ကြား ပဋိပက္ခ
(၂) စကစနဲ့ NUG ကို မထောက်ခံတဲ့ EAOs ကြား ပဋိပက္ခ
(၃) EAOs အချင်းချင်းကြား ပဋိပက္ခတွေ ဖြစ်ကြပါတယ်။

ဖော်ပြခဲ့တဲ့အချက် သုံးချက်က အရှေ့မြောက်ဒေသမှာ တပြိုင်တည်း ဖြစ်ပေါ်နေပြီး အရှေ့မြောက်ဒေသကို ပိုပြီး ထူးခြားစေခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ အဲဒီဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဇစ်မြစ်ကို ပြန်ပြီး သုံးသပ်နိုင်ဖို့ ချဥ်းကပ်ထားပါတယ်။

တကွဲတပြားစီ ဖြစ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရဲ့ မူလဇစ်မြစ်များ

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသဟာ စစ်အာဏာမသိမ်းခင်အချိန်ကတည်းက လက်နက်ကိုင်အဖွဲ့ အများအပြား အခြေချနေထိုင်ရာ နေရာဖြစ်ပြီး အဖွဲ့အစည်းအများအပြားရဲ့ တိုက်ပွဲတွေ ဖြစ်လေ့ဖြစ်ထရှိရာ ဒေသ တစ်ခုပါပဲ။ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာတော့ တရုတ်နိုင်ငံရဲ့ ပြည့်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရှုံးနိမ့်သွားတဲ့ ကူမင်တန်တပ်ဖွဲ့ဝင် ၁၂၀၀၀ ဟာ ယူနန်ပြည်နယ်ကနေ ရှမ်းပြည်နယ်ဆီ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး ကူမင်တန်တပ်ဖွဲ့တွေ ခိုလှုံစရာနေရာ ဖြစ်ခဲ့ပါတယ်။ ကူမင်တန်တွေ ရောက်မလာသေးခင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ရှမ်းပြည်တောင်ယာတွေမှာ ဘိန်းစိုက်ပျိုးခဲ့ကြပါတယ်။ ရှမ်းပြည်နယ်ကို ရောက်ရှိလာတဲ့ ကူမင်တန်တွေရဲ့ တည်ရှိမှုကလည်း အရင်ထက် ပိုပြီး ကြီးမားတဲ့ ဘိန်းခင်းပိုင်ရှင်၊ ဘိန်းစိုက်အလုပ်သမားနဲ့ လူကုန်ကူးမှုကွန်ရက်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်လာနိုင်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကလည်း မြန်မာနိုင်ငံရဲ့ မြို့ပြတွေကနေ မောင်းထုတ်ခံလိုက်ရတဲ့အတွက် ရှမ်းတောင်တန်းတွေဆီ ဆုတ်ခွာခဲ့ကြပြီး ပြန်လည် စုဖွဲ့ခဲ့ကြပါတယ်။ အဲဒီမှာပဲ ရန်ကုန်က ဗမာအစိုးရနဲ့ ကူမင်တန်တွေကို တိုက်ခိုက်ဖို့ တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ နယ်စပ်ဖြတ်ကျော်အကူအညီတွေ ဗကပက ရရှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာတော့ ကူမင်တန်တပ်ဖွဲ့အများစု မြန်မာနိုင်ငံက မောင်းထုတ်ခံရပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဆီ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း ၁၉၈၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်း ဗကပ မပြိုကွဲခင်အချိန်အထိ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သောင်းကျန်းမှုတွေက မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရဲ့ ပဋိပက္ခတွေကို အနက်ရှိုင်းဆုံး ပုံဖော်နိုင်ခဲ့ပါတယ်။

၁၉၅၀ နဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့ မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသစ်တွေ ပေါ်ပေါက်လာခဲ့ပြီး ဗဟိုအစိုးရကို ဆန့်ကျင်ကြောင်း ကြေညာခဲ့ပါတယ်။ EAOs အသစ်တွေ ပေါ်ပေါက်လာရတဲ့ အကြောင်းအရင်းက ရန်ကုန်အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှု ပိုပြီး ကြီးမားလာတာနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေ လျစ်လျူရှုခံနေရတဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့်လည်း သူတို့ ရင်ထဲ အစိုးရအပေါ် အားမလို အားမရစိတ်တွေ ကြီးထွားလာခဲ့ကြပြီးနောက် EAOs အသစ်တွေအဖြစ်နဲ့ ပေါ်ပေါက်လာကြပါတော့တယ်။

၁၉၅၈ ခုနှစ်မှာတော့  နွမ်စစ်ဟန် (ရဲရင့်တဲ့ လူငယ်စစ်သည်တော်များ) လို့ အမည်ပေးထားတဲ့ ရှမ်းလူငယ်တော်လှန်ရေးသမား ၃၁ ယောက်က ရှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဗဟိုအစိုးရကို ဆန့်ကျင်ကြောင်း ပထမဆုံးအကြိမ် စိန်ခေါ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်အနီးမှာ အခြေစိုက်ပြီး ၁၉၆၀ ခုနှစ်မှာတော့ ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် Shan State Independence Army (SSIA) ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ SSIA နဲ့ SNUF (Shan National United Front) ပူးပေါင်းပါဝင်တဲ့ Shan State Army (SSA) ကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ထပ် ၅ နှစ်အကြာမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP – Shan State Progress Party) ကို နိုင်ငံရေးအင်အားစုအဖြစ် ထူထောင်ခဲ့ပါတယ်။

အဲဒီကာလတစ်ဝိုက်မှာပဲ နောက်ထပ် ထင်ရှားလာမယ့် EAO တစ်ဖွဲ့ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ KIO ပေါ်ပေါက်လာရ ခြင်းက ကချင်လူထုကို ဗုဒ္ဓဘာသာနဲ့ ဗမာစကား အသုံးပြုဖို့  ဗဟိုအစိုးရရဲ့ ဖိအားပေးအနိုင်ကျင့်ခြင်းကြောင့်ပါပဲ။ တခြားလူနည်းစုတိုင်းရင်းသားတွေလည်း အလားတူ ဖိအားပေးတာမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ထပ် ဆယ်စုနှစ် နှစ်ခုအတွင်း KIO က သူ့ဩဇာကို ကချင်ပြည်နယ်တစ်လွှားနဲ့ ရှမ်းပြည် မြောက်ပိုင်းအထိ ချဲ့ထွင်ခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာတော့ ပလောင်အမျိုးသားတပ်ဦး (PNF) ဆိုင်းဘုတ်အောက်ကနေ တအာင်းတော်လှန်ရေးလှုပ်ရှားမှု ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ထူထောင်ခဲ့ပါတယ်။ SSPP ၊ KIO နဲ့ TNLA တို့က ဒီကနေ့ မျက်မှောက်ကာလအထိ အရေးပါနေဆဲ လက်နက်ကိုင်အဖွဲ့အစည်းတွေပါပဲ။

နိုင်ငံကို ၄၉ နှစ်နီးပါး စစ်အုပ်ချုပ်ရေးလက်အောက် ကျရောက်စေခဲ့တဲ့ ၁၉၆၂ ခုနှစ် မြန်မာ့စစ်အာဏာသိမ်းမှုကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဘက်ဆိုင်ရာ အင်အားတွေ ပိုပြီး ချဲ့ထွင်ဖို့ ဖြစ်လာစေခဲ့ပါတယ်။ စစ်အစိုးရ ကနဦးကာလတွေမှာ “သောင်းကျန်းသူတွေရဲ့ ခြိမ်းခြောက်မှု” ဆိုတဲ့ ခေါင်းစဥ်နဲ့ “အမျိုးသားစည်းလုံးညီညွတ်ရေး” ကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ လက်နက်ကိုင်အဖွဲ့တွေ ပိုပြီး ပေါ်ပေါက်လာအောင် ဖန်တီးပေးလိုက်သလိုသာ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ကိုယ်၌က အရှေ့မြောက်ပိုင်းဒေသရဲ့ ငြိမ်းချမ်းရေးရှာဖွေရာမှာ ကိုယ်ကျိုးရှာ ပြည်သူ့စစ်တွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ကြားခံအဖွဲ့အစည်းတွေအပေါ် အားကိုးနေရတဲ့အတွက်ကြောင့်ပါပဲ။ လက်တွေ့မှာလည်း ဒီနည်းဗျူဟာက နယ်မြေမတည်ငြိမ်မှုတွေကိုသာ ပိုပြီး ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ဥပမာတစ်ခုပြောရရင် သောင်းကျန်းမှုတွေနဲ့ သံသရာလည်နေရတဲ့ ဝေးလံသီခေါင်တဲ့ ဒေသက ဒေသခံပြည်သူတွေအနေနဲ့ ဆင်းရဲတွင်း နက်သထက်နက်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းဖို့နဲ့ ဘိန်းကုန်သွယ်ရေးလုပ်ငန်းထဲ ဝင်ရောက်ဖို့အတွက်ပဲ အဆင့်သင့်ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်က ပြည်သူ့စစ်တွေကို ကြားခံအဖြစ် အသုံးပြုခဲ့တဲ့အတွက် အင်အားကြီးထွားလာမယ့် မူးယစ်ရာဇာတွေဖြစ်လာမယ့် လူတွေ လက်ထဲ အမှတ်မထင် အာဏာအပ်နှင်းလိုက်သလို ဖြစ်ခဲ့ပါတော့တယ်။ မြန်မာစစ်တပ်နဲ့ အပြန်အလှန်ကတိရှိထားတဲ့ ပြည်သူ့စစ်တွေအနေနဲ့ သူတို့ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့နိုင်ဖို့ မူးယစ်ဆေးဝါးကို အသုံးပြုခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်ရဲ့ ခန့်မှန်းချက် တစ်ခုမှာတော့ ပြည်သူ့စစ်တွေက ရှမ်းပြည်နယ်ရဲ့ ဘိန်း ၉၅ ရာခိုင်နှုန်းကျော် သယ်ယူပို့ဆောင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင် ခွန်ဆာဆိုရင်လည်း မြန်မာစစ်တပ်က ဖွဲ့စည်းပေးခဲ့တဲ့ လွယ်မော်ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးပါပဲ။ တရုတ်-ရှမ်း-ပလောင်အမွေအနှစ်တွေ ရောနှောထားတဲ့ ခွန်ဆာက ၁၉၆၄ ခုနှစ်မှာ Shan United Army (SUA) ဆိုပြီး တပ်ဖွဲ့ကို ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ရှမ်းအမျိုးသားရေးဝါဒ အလံလွှင့်ထူလာခဲ့ပြီးနောက်ပိုင်း Mong Tai Army (MTA) ကို ဖွဲ့စည်းနိုင်ဖို့ ၁၉၈၅ ခုနှစ်မှာတော့ ခွန်ဆာက SURA (Shan United Revolutionary Army) နဲ့ ပူးပေါင်းခဲ့ပြန်ပါတယ်။ SURA အနေနဲ့ ခွန်ဆာရဲ့ SUA နဲ့ လုံးဝ မတူညီတဲ့ အချက် တစ်ချက်ကတော့ SURA ဟာ စစ်တပ်ကို ကိုယ်စားပြုထားတဲ့ ပြည်သူ့စစ်လို အဖွဲ့အစည်းတစ်ခု မဟုတ်ခဲ့တာပါပဲ။

SURA ခေါင်းဆောင်ကတော့ မိုးဟိန်းလို့လည်း နာမည်တွင်တဲ့ စဝ်ကွဏ်းဇိဏ်းပါပဲ။ သူကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ နွမ်စစ်ဟန်နဲ့ ရှမ်းပြည်တပ်မတော် (SSA) မှာ ပါဝင်ခဲ့ဖူးသူ တစ်ယောက်ပါ။ ဒီအဖွဲ့တွေဟာ ရှမ်းပြည်လွတ်လပ်ရေးအတွက် ကိုယ်ပိုင်လမ်းကြောင်း တစ်ခု မရေးဆွဲ၊ မဆုံးဖြတ်ရသေးခင်ကတည်းက မြန်မာစစ်တပ်ကို တိုက်ခိုက်လာကြတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

၁၉၆၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ SURA ရဲ့ ရည်မှန်းချက်က ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ ဗုဒ္ဓဘာသာ ရှမ်းလူမျိုးတွေရဲ့ ရှမ်းပြည်ကို ဦးဆောင်နိုင်ရေးပါပဲ။ ဒါပေမယ့် ကူမင်တန်တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ SURA အနေနဲ့ ကူမင်တန်တွေရဲ့ ဩဇာအာဏာ မှေးမှိန်သွားချိန်မှာတော့ နောက်ဆုံး MTA အဖြစ် ပူးပေါင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ခွန်ဆာရဲ့ စီးပွားရေးကြွယ်ဝမှု၊ စစ်ရေးအင်အား တောင့်တင်းမှုတွေကြောင့် ရှမ်းစာတတ်မြောက်မှု မြှင့်တင်ရေးလို လှုပ်ရှားမှုတွေလို SURA ရဲ့ အဓိက ဦးစားပေးဖြစ်တဲ့ ရှမ်းအမျိုးသားရေးဝါဒကို အခြေခိုင်မာစေခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုအကြာမှာတော့ ခွန်ဆာရဲ့MTA က မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရဲ့ တရားမဝင်စီးပွားရေးတွေကို တိုးချဲ့ခဲ့ပြီး နောက်ဆုံးမှာတော့ ဒေသတွင်း ကြောက်စရာ အကောင်းဆုံးသော အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။

စစ်အေးတိုက်ပွဲအပြီး ပဋိပက္ခများနဲ့ အပစ်အခတ်ရပ်စဲရေးများ
၁၉၈၉ ခုနှစ်မှာတော့ ရှည်လျားတဲ့ တိုင်းရင်းသားနယ်စပ်မျဥ်းတလျှောက် ဖွဲ့စည်းထားတဲ့ ဗကပ ဗဟိုဌာနချုပ်ကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာတော့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ပဋိပက္ခတွေ စတင်ခဲ့ပါတယ်။ ပါတီတွင်း ပုန်ကန်မှုဖြစ်ရခြင်းနဲ့ ဗကပကို ပြိုလဲစေခဲ့တဲ့ အကြောင်းရင်းတွေက အများကြီးပါပဲ။ အဓိကကတော့ သက်ဦးဆံပိုင်ခေါင်းဆောင်တွေအပေါ် စစ်သားတွေ စစ်ပျက်လာတာ၊ မူးယစ်ဆေးရောင်းဝယ်မှုမှာ ကေဒါတွေ ပါဝင်နေပေမယ့် ထိထိရောက်ရောက် မဖြေရှင်းနိုင်တာ၊ ဗကပရဲ့ ဗမာလူမျိုးခေါင်းဆောင်တွေနဲ့ အခြားရာထူးအဆင့်အတန်းတွေကြား တင်းမာမှုတွေ ပေါ်ပေါက်လာတာ , , ,စတာတွေပါပဲ။ ဗကပအနေနဲ့ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေအဖြစ် ကွဲထွက်သွားကြပါတယ်။ လက်ရှိအင်အားကြီး UWSA ကလည်း ဗကပနဲ့ ဆက်စပ်နေတဲ့ EAO ပါပဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွက် UWSA က မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးကို မြန်မြန်ဆန်ဆန်ပဲ သဘောတူညီခဲ့ပါတယ်။

ဒီကနေ့ကာလမှာတော့ မြန်မာစစ်တပ်က UWSA ရဲ့ ထိန်းချုပ်နယ်မြေ နှစ်ခုကို အသိအမှတ်ပြုခံထားရပြီဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ပိုင်းမှာ အသိအမှတ်ပြုထားတဲ့ တရုတ်နယ်စပ်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းနဲ့ ထိုင်းနယ်စပ်က ၁၇၁ စစ်ဒေသကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသိအမှတ်ပြုထားတာမျိုး မရှိသေးပါဘူး။

ဗကပ ကနေ ခွဲထွက်ပြီးနောက်ပိုင်း တစ်ချိန်တည်းမှာပဲ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲခဲ့ကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဆယ်စုနှစ် နှစ်ခုကြာပြီးတဲ့နောက်မှာတော့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) က စစ်တပ်ကိုယ်စားပြု နယ်ခြားစောင့်တပ်( BGF) ဖြစ်သွားခဲ့ပါတယ်။

ဗကပ ကနေ ကွဲထွက်သွားတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ ရရှိပြီးနောက် အရှေ့မြောက်ဒေသ ငြိမ်းချမ်းရေးအတွက် တခြားသော အရှေ့မြောက်ပိုင်း EAOs တွေနဲ့ပါ သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့ စစ်တပ်က အလားတူနည်းဗျူဟာကိုပဲ အသုံးပြုခဲ့ပါတယ်။ အားလုံးထဲမှာမှ ၁၉၈၉ ခုနှစ် SSPP နဲ့ စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး ၊ ၁၉၉၄ ခုနှစ် KIO နဲ့ စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေးတို့က ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ဆယ်စုနှစ် သုံးခု ကြာခဲ့တဲ့ ခါးသီးသော တိုက်ပွဲတွေ အဆုံးသတ်သွားခဲ့တဲ့အတွက်ကြောင့်ပါပဲ။ အနည်းဆုံး ၁၇ နှစ် ကြာမြင့်ခဲ့တဲ့ KIO ရဲ့ အပစ်အခတ်ရပ်စဲရေးက ကြားခံပြည်သူ့စစ်တွေ စိုးမိုးခဲ့တဲ့ အတိတ်ဆယ်စုနှစ်တွေအတိုင်းပဲ ပဋိပက္ခအကြောင်းပြ စီးပွားရေးပုံစံကိုပဲ ပြန်ပြီး ပုံဖော်ခဲ့ကြပါတယ်။

အပစ်အခတ်ရပ်ဒေသတွေမှာ ဗဟိုအစိုးရက KIO အတွက် သတ္တုတူးဖော်ရေး၊ ရော်ဘာထုတ်လုပ်ရေးနဲ့ သစ်ခုတ်ခွင့်လို သဘာဝအရင်းအမြစ်တွေ ထုတ်ယူသုံးစွဲခွင့်ပြုခဲ့ပါတယ်။ ဒီလုပ်ငန်းစဥ်တွေက KIO နဲ့ စစ်တပ်ရဲ့ အထက်တန်းလွှာတွေအပေါ်ကိုသာ အကျိုးပြုခဲ့ပြီး ဒေသခံတွေအတွက်တော့ တစ်စုံတစ်ရာ အကျိုးကျေးဇူး မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီလို အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဥ်ကို “အပစ်အခတ်ရပ်စဲရေး အရင်းရှင်ဝါဒ” လို့ ခေါ်ဝေါ်လေ့ရှိပါတယ်။

အရှေ့မြောက်ဒေသမှာ နောက်ထပ် ထူးခြားတဲ့ တိုးတက်မှု တစ်ခုကတော့ ၁၉၉၆ ခုနှစ်အစောပိုင်းမှာပဲ ခွန်ဆာ ရုတ်တရက် လက်နက်ချခဲ့တာပါ။ ရှမ်း EAO အဖြစ်နဲ့ သူ့ကိုယ်သူ အမွှန်းတင်နေချိန်၊ MTA မှာ သူရယူထားတဲ့ ရာထူး အဆင့်အတန်း၊ လူထုခေါင်းဆောင်တစ်ယောက်အဖြစ် ကျော်ကြားစေခဲ့တဲ့ လူမျိုးရေးဝါဒီဆိုင်ရာ အထောက်အထားတွေအပြင် ဘိန်းဘုရင် ၊ အာဏာရှင်စတဲ့ ခွန်ဆာရဲ့ ကျော်ကြားမှုတွေကြောင့် အခုလို ရုတ်တရက် လက်နက်ချခဲ့တာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

ရှမ်းစစ်သားဟောင်းတစ်ယောက်ရဲ့ စကားအတိုင်းဆိုရင်တော့ ” ခွန်ဆာရဲ့ ကစားပွဲမှာ ရှမ်းပြည်သူတွေက အပေါင်ခံ ပစ္စည်းတွေ ဖြစ်ခဲ့ကြရတယ်။ သူ့မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်ရ လွယ်ကူဖို့အတွက်သာ ရှမ်းအမျိုးသားရေးဝါဒ အလံလွှင့်တင်ခဲ့ပြီး သူလျှောက်တဲ့ လမ်းမှာ ဒါကို တံတားတစ်စင်းအဖြစ် အသုံးပြုခဲ့တယ်”

ဒါကြောင့်လည်း ဒီရေကျချိန်ရောက်မှ ခွန်ဆာက သူတို့ကို စွန့်ပစ်သွားမယ့်အပေါ် ရှမ်းအမျိုးသားရေးဝါဒီတွေက စိုးရိမ်နေခဲ့ကြပါတယ်။ သူတို့ စိုးရိမ်တဲ့အတိုင်းလည်း အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ UWSA ရဲ့ စစ်ရေးဖိအားတွေအပြင် ခွန်ဆာကို သူ့မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်ကို လွှဲပြောင်းပေးဖို့ အမေရိကန်က တောင်းဆိုလာချိန်မှာပဲ မြန်မာဗဟိုအစိုးရရဲ့ အကာအကွယ်တွေအောက်ကနေ လက်နက်ချသွားခဲ့တဲ့အတွက်ပါ။ တပ်ဖွဲ့ဝင် အများအပြား လက်နက်ချဖို့ ငြင်းဆိုခဲ့ကြပြီး ရှိရင်းစွဲ ရှမ်းလက်နက်ကိုင်အဖွဲ့ (သို့မဟုတ်)  ၁၉၉၆ မှာ အသစ်ဖွဲ့စည်းခဲ့တဲ့ RCSS ကို ဖွဲ့စည်းခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် ညီညွတ်တဲ့ ရှမ်းမျိုးနွယ်စုတွေရဲ့ လှုပ်ရှားမှုတွေ ထပ်ပြီး ပေါ်ပေါက်လာမှာ စိုးရိမ်တဲ့ မြန်မာစစ်တပ်က MTA နယ်မြေဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကြောင့် ရှမ်းလူမျိုး သုံးသိန်းနီးပါး ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းခဲ့ပါတယ်။

KIO အပစ်အခတ်ရပ်စဲသွားတာနဲ့ MTA တပ်ဖွဲ့ဝင်တချို့ လက်နက်ချသွားတဲ့အတွက် နိုင်ငံအရှေ့မြောက်က လက်နက်ကိုင်ပဋိပက္ခတွေ ဆယ်စုနှစ် တစ်ခုကျော် ငြိမ်သက်သွားပေမယ့် တိုက်ပွဲတွေ လုံးဝ ရပ်တန့်သွားခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်ရဲ့ သိသာထင်ရှားတဲ့ ဖြစ်ရပ် နှစ်ခုက လက်ရှိအနေအထားအပေါ် ထိခိုက်စေခဲ့ပါတယ်။ တစ်ခုက သမ္မတဦးသိန်းစိန်ရဲ့ အရပ်သားတစ်ပိုင်းအစိုးရက ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ အကျုံးဝင်ခဲ့တဲ့ EAOs တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ အစိုးရသစ်ရဲ့ ချဥ်းကပ်မှုက အရှေ့တောင်ပိုင်းမှာ အောင်မြင်ခဲ့ပေမယ့် အရှေ့မြောက်ပိုင်းမှာတော့ အောင်မြင်မှု နည်းပါးခဲ့ပြီး RCSS တစ်ခုတည်းကသာ အပစ်ရပ် သဘောတူခဲ့တဲ့ အဖွဲ့ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပိုပြီး အရေးကြီးတာက ဦးသိန်းစိန် အာဏာမရခင်လေး သုံးလအလိုမှာတော့ KIO နဲ့ မြန်မာစစ်တပ်ကြား ၁၇ နှစ်ကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပြိုလဲခဲ့တာပါ။ အဲဒါတွေမတိုင်ခင် ရှေ့သုံးနှစ်မှာတော့ မြန်မာစစ်တပ်က KIO လို အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် (BGF) အဖြ စ်ပြောင်းလဲကြဖို့ တောင်းဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးအရင်းရှင်ဝါဒရဲ့ အကျိုးသက်ရောက်မှုကို ငယ်ရွယ်တဲ့ ကချင်ခေါင်းဆောင်တွေက မကျေနပ်ကြတဲ့အတွက် KIO ကို ပဋိပက္ခဆီ ထပ်ပြီး တွန်းပို့ခဲ့ပါတယ်။ နိုင်ငံရေးလူမှုဗေဒပညာရှင်  ဒေးဗစ် ဘရန်နာ အလိုအရဆိုရင်တော့ ၁၉၈၀ နှောင်းပိုင်းကစပြီး KIO က နိုင်ငံမြောက်ပိုင်းထက် ပိုပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေထဲ ဝင်ရောက်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေက ပိုပြီး ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ပါသတဲ့။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကာလအတွင်း အရှေ့မြောက်ဒေသမှာ ပဋိပက္ခသစ်တွေ ပြန်ပြီး ပေါ်ပေါက်လာခဲ့သလို NCA က ခွဲထွက်ဖို့ အရှေ့မြောက် EAOs တွေက ဦးဆောင်ခဲ့ပါတယ်။ ၂၀၁၈ နောက်ပိုင်း ဆယ်စုနှစ်တွေမှာ ကြီးမားပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရက္ခိုင့်တပ်တော်အေအေနဲ့လည်း NCA မထိုးထားတဲ့ အဖွဲ့တွေ ပူးပေါင်းခဲ့ပါတယ်။ အရှေ့မြောက်ပိုင်း EAO အများစုပါဝင်တဲ့ KIA ၊ TNLA ၊ MNDAA နဲ့ AA တို့ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ TNLA ၊ MNDAA နဲ့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်ဆိုတဲ့ စစ်ရေးမဟာမိတ်အဖွဲ့တွေကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ နောက်ထပ်ပြီး NCA လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ ပါဝင်တဲ့ FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ) ကိုလည်း ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ပါဝင်တဲ့ အဖွဲ့တွေကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နဲ့ UWSA ၊ SSPP ၊ NDAA တို့ပါပဲ။

၂၀၁၈ ခုနှစ်ကနေ အာဏာမသိမ်းခင်ကြားကာလတွေမှာတော့ စစ်တပ်ဘက်ကရော မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကပါ အပစ်အခတ်ရပ်စဲကြောင်း တစ်ဖက်သတ် ကြေညာခဲ့ကြပါတယ်။ ဒါပေမယ့် တိုက်ပွဲအရှိန်တွေက လျော့ကျမသွားဘဲ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကလည်း မအောင်မြင်ခဲ့ပြန်ပါဘူး။

ဒါကြောင့်လည်း အာဏာမသိမ်းခင်ကာလ အရှေ့မြောက်ဒေသ ပဋိပက္ခမှာ အဓိကအရင်းအမြစ်က NCA လက်မှတ် ထိုးခြင်း မထိုးခြင်း ဖြစ်ခဲ့ပါတယ်။ NCA က MTA အဖွဲ့ အကြွင်းအကျန်ဖြစ်တဲ့ RCSS ကို အင်အား ပိုတောင့်တင်းစေခဲ့ပါတယ်။ RCSS က သူ့တပ်ဖွဲ့အခြေစိုက်ရာ ထိုင်း-ရှမ်းနယ်စပ်ကနေ ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်အထိ ခြေလှမ်းကျဲကျဲလှမ်းခဲ့ပြီး ဝေစုရှာပုံတော် ဖွင့်ခဲ့ပါတယ်။ NCA လက်မှတ် မထိုးထားတဲ့ ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် TNLA ၊ SSPP နဲ့ RCSS ကြား တင်းမာမှု တိုးလာခဲ့ပြီး အပစ်ခတ်ရပ်စဲရေး ငြင်းဆန်တဲ့ အဖွဲ့တွေကို စစ်တပ်က လက်တုန့်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က RCSS ကို လျှို့ဝှက်ထောက်ပံ့နေတယ်ဆိုတဲ့ ကောလာဟလတွေက ပဋိပက္ခတွေ ပိုပြီး တောက်လောင်စေခဲ့တဲ့ လောင်စာဆီ ဖြစ်ခဲ့ပါတယ်။ ရှမ်း EAO နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မိတ်ဆွေတွေအဖြစ်ကနေ ခါးသီးတဲ့ ရန်ဘက်တွေ ဖြစ်သွားခဲ့ကြပါတယ်။

အရှေ့မြောက်ဒေသရဲ့ အဓိကပွတ်တိုက်မှုကြီး သုံးခု

အရှေ့မြောက်ဒေသ ခေတ်ပြိုင်ပဋိပက္ခရဲ့ ဒိုင်းနမစ်တွေကို မှန်မှန်ကန်ကန် အနက်ဖွင့်နိုင်ဖို့ အရေးကြီးပါတယ်။ အာဏာသိမ်းချိန်ကစပြီး အရှေ့မြောက်ဒေသမှာ အဓိက ပွတ်တိုက်မှုကြီး သုံးခု သန္ဓေစတည်ခဲ့ပါတယ်။

ပထမဆုံးအချက်က KIO က အရှေ့မြောက်ဒေသမှာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ခဲ့ပြီး ဖားကန့်၊ မိုးမောက်မြို့နယ်တွေအပါအဝင် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို ပထမဆုံး ရှုတ်ချတဲ့ EAOs အဖွဲ့တွေထဲ KIO လည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် အဲဒီလုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့  မိုးညှင်း၊ မိုးမောက်မြို့နယ်တွေမှာ ရှိတဲ့ စစ်တပ်ကင်းစခန်းတွေကို KIO က သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ကချင်ပြည်နယ်ထဲက စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့အတွက် KIO က PDF တွေနဲ့ ပူးပေါင်းခဲ့ပြီး တောင်ဘက်ပိုင်းမှာ ရှိတဲ့ အပူပိုင်းခြောက်သွေ့ဇုန်ဆီ စစ်တပ်ကို တွန်းပို့ခဲ့ပါတယ်။ ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ PDF တွေ အားလုံးအပေါ်  KIO က ဩဇာလွှမ်းမိုးထားပါတယ်။ PDF တပ်ဖွဲ့ဝင် ခန့်မှန်းအင်အား ၅၀၀၀ နီးပါး ရှိနေပါတယ်။ ဒါ့အပြင် KIO က NUG၊ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာမူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်နေပါတယ်။

မြန်မာစစ်တပ်ဘက်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ လက်တုန့်ပြန်တိုက်ခိုက်နေတဲ့အတွက် ကချင်အရပ်သား ၅၀၀၀ နီးပါး အိုးအိမ်မဲ့ဖြစ်နေရပါတယ်။ အာဏာမသိမ်းခင်အချိန်ကတည်းက ကချင်မှာ အိုးမဲ့အိမ်မဲ့ဦးရေ ၉၇၀၀၀ ကျော် ရှိနေခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာ့ မြောက်ဘက်စွန်းမြို့တော်တွေဖြစ်တဲ့ ခေါင်လမ်ဖူးနဲ့ နောင်မွန်းမြို့တွေမှာတော့ အကြမ်းဖက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ဘဲ အေးချမ်းနေခဲ့ပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်ခဲ့ပေမယ့် အရှေ့မြောက် EAO အများစုကလည်း စကစကို တိုက်နေကြပါတယ်။ TNLA၊ MNDAA တို့နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့မှု ဖြစ်ပွားလေ့ရှိတဲ့ မူဆယ်မြို့ကတော့ တိုက်ပွဲတွေ အဓိက ဖြစ်လေ့ရှိတဲ့ ဒေသပါပဲ။ ဒီအဖွဲ့အများစုက တစ်နိုင်ငံလုံး အလေးပေးနေတဲ့ ဖက်ဒရယ်ဆိုင်ရာ ကိစ္စတွေထက် ကိုယ်ပိုင်ဆိုင်တဲ့ နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ကိုပဲ ပိုစိတ်ဝင်စားလေ့ရှိကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း TNLA ပြောခွင့်ရပုဂ္ဂိုလ်က မိမိတို့ရဲ့ အန္တိမရည်မှန်းချက်က စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးဖြစ်ပြီး ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့သာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ TNLA ကလည်း တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ UWSA နဲ့ ဆက်ဆံရေးကို ဦးစားပေး တည်ဆောက်ထားပြီး နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲတွေထက် ပိုဦးစားပေးတာမျိုး တွေ့ရပါတယ်။

EAO တွေအနေနဲ့ ကိုယ်ထူကိုယ်ထလမ်းပေါ် လျှောက်ဖို့ကိုသာ ဘာကြောင့် စိတ်ဝင်စားနေရသလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းပြချက် တစ်ခုကတော့ မဟာမိတ်တွေနဲ့ အကျိုးစီးပွားအမျိုးမျိုးရဲ့ကြားက အဆက်အစပ်ကို ဖမ်းဆုပ်ထားနိုင်တဲ့အတွက်ကြောင့်ပါပဲ။ အရှေ့မြောက် EAO တွေအတွက်တော့ ပဋိပက္ခဆိုတာက နိုင်ငံတော် အတွက်ရော လူမျိုးစု တစ်စုတည်းအတွက်ကိုပါ ဘယ်တုန်းကမှ ပြုပြင်ပြောင်းလဲနိုင်ခဲ့တာမျိုး မဟုတ်ဘူးလို့ ခံယူပုံပါပဲ။ သူတို့တွေ ဆက်ပြီး ရှင်သန်ဖို့အတွက်ဆိုရင် ကိုယ်ပါဝင်ထားတဲ့ မဟာမိတ်အဖွဲ့တွေမှာ EAOs တွေအနေနဲ့ သူတို့တွေ ရင်းနှီးမြှုပ်နှံထားရတဲ့ အကျိုးစီးပွားတွေကိုသာ ဆက်လက် ထိန်းသိမ်းရမှာဖြစ်ပြီး အစိုးရနဲ့ ထိတွေ့မှုနည်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသခံလူထုကိုလည်း စီမံခန့်ခွဲတာမျိုး လိုအပ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ကျောက်မဲလိုမြို့တွေမှာ RCSS ကတစ်ဘက် SSPP နဲ့ TNLA တို့ကတစ်ဘက် အမြဲဆိုသလို ဖြစ်နေတဲ့ တိုက်ပွဲတွေပါပဲ။ အာဏာမသိမ်းခင်တုန်းကပဲ NCA ထိုးထားတဲ့ RCSS က NCA မထိုးထားတဲ့ TNLA နဲ့ SSPP ထိန်းချုပ်နယ်မြေတွေထဲ ထိုးဖောက်ဝင်လာခဲ့ပါတယ်။ ၂၀၁၅ မှာတော့ အဲဒီ EAO တွေနဲ့ မြန်မာစစ်တပ်ကြား ကြိုကြားကြိုကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး TNLA နဲ့ SSPP ကို စစ်တပ်က မထိန်းချုပ်နိုင်ခဲ့ပါဘူး။

အခုတော့ UWSA ဆီက ရတဲ့ လက်နက်ကြီးတွေနဲ့ RCSS ကို TNLA နဲ့ SSPP က ရှမ်းပြည်မြောက်ပိုင်းကနေ မောင်းထုတ်နိုင်ခဲ့ပါပြီ။ စကစနဲ့ ထိပ်တိုက် မတွေ့ဘဲ တွေ့ဆုံဆွေးနွေးရေးကသာ မြန်မာ့အကြပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲလို့ RCSS က EAO တွေကို တစ်ဘက်လှည့် စည်းရုံးပေးနေပါတယ်။

ဒါက EAO တွေကြား ပဋိပက္ခလိုလားသူတွေနဲ့ စကစဆန့်ကျင်ရေး EAO တွေကြား စစ်ပွဲတွေအစ ပျိုးနေတာပါပဲ။ ဒါပေမယ့် လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တွေအတွင်းမှာပဲ အရှေ့မြောက်ပိုင်း ပဋိပက္ခတွေကို သင်းခွဲသပ်လျှိုတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလို့ ရမှ မဟုတ်ဘူးဆိုတာ သိခဲ့ကြပြီးပါပြီ။ အဲဒီအစား အသွင်အမျိုးမျိုး ကွဲသွားတဲ့ ဘက်ပေါင်းစုံ ပဋိပက္ခတွေဆီကိုသာ ဦးတည်သွားခဲ့ပါတယ်။ EAO အချင်းချင်းကြား ပဋိပက္ခတွေက အံ့ဩစရာတော့လည်း မဟုတ်သလို အာဏာသိမ်းမှုဆန့်ကျင်ရေးအောင်ပွဲအပေါ်လည်း ဋီကာချဲ့နေကြမယ့်သူတွေ မဟုတ်ကြပါဘူး။

နောက်ထပ်အရေးကြီးတဲ့အချက်က အရှေ့မြောက်ဒေသရဲ့ EAO တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေထက် EAO တွေ အချင်းချင်း တိုက်ပွဲတွေကသာ တစ်စထက် တစ်စ ပိုများလာနေပါတယ်။ ဒီလိုဖြစ်လာအောင် တခြား စစ်မျက်နှာတွေကနေ အရှေ့မြောက်ဒေသကို ခွဲထုတ်ထားပြီး EAO တွေအချင်းချင်းကြား ပဋိပက္ခတွေကို တွန်းအားပေးဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း ဘက်ပေါင်းစုံ အထွေထွေ ပဋိပက္ခကြီးရဲ့ အသွင်အပြင် တစ်ခုပါပဲ။

သွေးခွဲအုပ်ချုပ်ခြင်း

အာဏာမသိမ်းခင်အချိန်က အရှေ့မြောက်ဒေသနဲ့ တခြားဒေသတွေအပေါ် စစ်တပ်က သွေးခွဲအုပ်ချုပ်ခြင်းကို ပဋိပက္ခဆိုင်ရာ စီမံခန့်ခွဲရေးနည်း ဗျူဟာ တစ်ရပ်အဖြစ် အသုံးပြုနေတဲ့အပေါ် လေ့လာသူတွေက ထောက်ပြခဲ့ကြပါတယ်။ ဘယ်သူမှ ပါဝင်ခြင်း မရှိတဲ့ အပစ်အခတ်ရပ်စဲရေးက နိုင်ငံတစ်ဝှမ်းလုံးအပေါ် ထင်သာမြင်သာတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးက နောက်ထပ် စစ်မျက်နှာတွေ ထပ်မဖွင့်ခင် သူ့ဘက် ကိုယ့်ဘက် လက်နက်လူသူစုဆောင်းဖို့အတွက်သာ ဖြစ်ခဲ့ပါတယ်။ အရှေ့မြောက်ဒေသမှာတော့ ၂၀၂၁ ခုနှစ်မတိုင်ခင် RCSS ကို ရှမ်းမြောက်ပိုင်းမှာ တိုးချဲ့ဖို့ စစ်တပ်က ခွင့်ပြုခဲ့ခြင်းက ထင်သာမြင်သာတဲ့ ရွေ့လျားမှု တစ်ခုဖြစ်ခဲ့ပြီး အရှေ့မြောက်ဒေသအတွက် စစ်ပွဲအခင်းအကျင်းသစ်တစ်ခု ပေါ်ပေါက်စေခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်တပ်က EAO ချင်း ပဋိပက္ခတွေကို ကြိုးကိုင်ခဲ့ပြန်ပါတယ်။ EAO ချင်း ပဋိပက္ခတွေက ဒေသတွင်း နယ်မြေစိုးမိုးနိုင်ရေး စစ်ပွဲတွေထဲ EAO တွေကိုသာ နစ်မွန်းစေခဲ့ပါတယ်။ အရှေ့မြောက်ဒေသ သမိုင်းကြောင်းမှာ EAO အချင်းချင်း စည်းလုံးညီညွတ်ဖို့နဲ့ နိုင်ငံလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် စံထားစရာ မရှိသလောက်ပါပဲ။ ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကြားမှာ ရှင်သန်ရပ်တည်နိုင်ရေးကိုသာ  ရွေးချယ်နေခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အရှေ့မြောက်ဒေသရဲ့ စစ်ပွဲအကျိုးစီးပွားတွေက ပိုပြီး ကြီးထွားလာခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်မှု ဆယ်ဆ ပိုများလာပါတယ်။ ကချင်မှာ မြေရှားသတ္တုတူးဖော်မှုကလည်း မကြုံစဖူး များပြားလာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဆကျော် တင်ပို့ခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ မူးယစ်ဆေးရောင်းဝယ်မှု ကြီးထွားလာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ မူးယစ်ဆေးဈေးနှုန်း ကျဆင်းသွားပါတယ်။

အရှေ့မြောက်ဒေသက ပရမ်းပတာနဲ့ တရားဥပဒေစိုးမိုးမှု မရှိရာ ဒေသ မဟုတ်ပေမယ့် ဆယ်စုနှစ်များစွာ ကြာလာခဲ့တဲ့ ဘက်ပေါင်းစုံဆက်ဆံရေးတွေက ရှုပ်ထွေးနေအောင် ပုံဖော်ခဲ့ပါတယ်။ ဒါတွေအပေါ် နားလည်မှုရှိဖို့ လိုအပ်ပြီး ရှေ့ဆက်မယ့် လမ်းကြောင်းကို ပုံဖော်တဲ့အခါ အရှေ့မြောက်ဒေသမှာ အကြမ်းဖက်မှုကို လျှော့ချဖို့ လူမျိုးရေး အခြေခံတဲ့ ပဋိပက္ခတွေကို တွန်းလှန်ဖို့၊ အဖွဲ့အချင်းချင်းကြား လူမျိုးရေး၊ ဘာသာရေးတိုက်ပွဲကို ရှောင်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီအပေါ် ဆန့်ကျင်တာမျိုး လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။

ဘုန်းမောင်

“Northeast Myanmar: three axes of conflict”ကို ဆီလျော်အောင် ရေးသားသည်။

Photo: Getty Images

ပုံစာ – မြန်မာ့ပြည်တွင်းစစ်အတွင်း ထင်ရှားခဲ့သော MTA ခေါင်းဆောင် ခွန်ဆာ

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3638
Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleKNU ဥက္ကဋ္ဌ ရာသီဥတုအပူရှိန်ကြောင့်သွေးတိုးပြီး ဆေးရုံတက်နေရ
Next Article ဒီးမော့ဆို အရှေ့ခြမ်းတွင် သုံးရက်ဆက်တိုက်ပွဲဖြစ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
thanlwinkhet
  • Website

Related Posts

စစ်ကော်မရှင် လက်ခုပ်ထဲက ရေလို ဘဝများ

September 29, 2025

မကြီးငွေ အဆူမခံချင်တော့ပါ (ဆောင်းပါး)

September 22, 2025

ငြိမ်းချမ်းရေးရပ်ဝန်းအပြင်က သေနတ်သံမစဲတဲ့ မြန်မာပြည် (ဆောင်းပါး)

September 21, 2025

Leave A Reply Cancel Reply

Recent Posts

  • မြဝတီ KK Park မှ ထိုင်းဘက်သို့ ထွက်ပြေးလာသူ ၁၅၀၀ကျော်ရှိလာ၊ ယာယီစခန်းများတွင် ခွဲခြားစိစစ်
  • TNLA ထိန်းချုပ်နယ်မြေတွင် ဗုံးဒဏ်ကြောင့် ဒေသခံ ၅၀ နီးပါး သေဆုံး
  • စစ်တောင်းမြစ်ကမ်းပါးပြိုပြီး နေအိမ် ၂၇ လုံး မျောပါ
  • ပုဏ္ဏားကျွန်းကို ရက်ဆက် ဗုံးကြဲ၍ ဒေသခံ ကလေးငယ်များ အပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံး
  • စစ်တပ် လက်နက်ကြီးကြောင့် ဖလူးကျေးရွာလမ်းရှိ ဗြောက်အိုးဂိုဒေါင်ပေါက်ကွဲ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြဝတီ KK Park မှ ထိုင်းဘက်သို့ ထွက်ပြေးလာသူ ၁၅၀၀ကျော်ရှိလာ၊ ယာယီစခန်းများတွင် ခွဲခြားစိစစ်

TNLA ထိန်းချုပ်နယ်မြေတွင် ဗုံးဒဏ်ကြောင့် ဒေသခံ ၅၀ နီးပါး သေဆုံး

စစ်တောင်းမြစ်ကမ်းပါးပြိုပြီး နေအိမ် ၂၇ လုံး မျောပါ

ပုဏ္ဏားကျွန်းကို ရက်ဆက် ဗုံးကြဲ၍ ဒေသခံ ကလေးငယ်များ အပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံး

ယခင်သတင်းများ

  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြဝတီ KK Park မှ ထိုင်းဘက်သို့ ထွက်ပြေးလာသူ ၁၅၀၀ကျော်ရှိလာ၊ ယာယီစခန်းများတွင် ခွဲခြားစိစစ်

November 1, 2025

TNLA ထိန်းချုပ်နယ်မြေတွင် ဗုံးဒဏ်ကြောင့် ဒေသခံ ၅၀ နီးပါး သေဆုံး

November 1, 2025

စစ်တောင်းမြစ်ကမ်းပါးပြိုပြီး နေအိမ် ၂၇ လုံး မျောပါ

October 31, 2025

ပုဏ္ဏားကျွန်းကို ရက်ဆက် ဗုံးကြဲ၍ ဒေသခံ ကလေးငယ်များ အပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံး

October 31, 2025

စစ်တပ် လက်နက်ကြီးကြောင့် ဖလူးကျေးရွာလမ်းရှိ ဗြောက်အိုးဂိုဒေါင်ပေါက်ကွဲ

October 31, 2025

မိုးကုတ်မြို့အား ကာကွယ်ရန် တပ်ဖွဲ့ဝင်များအား မိုးကုတ်ဗျူဟာမှ ဖိတ်ခေါ်

October 31, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.