ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော် AA က မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေစဉ်အတွင်း စစ်ကောင်စီ ကားကင်းစခန်းငယ်တချို့ကို သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိတွင် အမှတ် (၃၂) ရဲတပ်ရင်းအထိ ထိုးစစ်ရောက်ရှိလာကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ကျောက်ဖြူ- ရန်ကုန်ကားလမ်းဘေးရှိ ပြိုင်းစေ့ကေကျေးရွာ၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်းအား ယမန့်နေ့ ဇူလိုင်လ ၁၁ ရက်တွင် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့သည်သုလည်း ၎င်းသတင်းရင်းမြစ်က ဆိုသည်။
”တပ်ရင်းထဲကို AA က လက်နက်ကြီးတချို့ ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒီမှာ AA က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျပြီး အဆောင်တချို့ ပျက်စီးသွားတယ်လို့ သိရတယ်။ လူအထိအခိုက် ဘာညာတော့ ပြောသံမကြားဘူး”ဟု ၎င်းက ပြောသည်။
ကျောက်ဖြူမြို့ခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကလည်း “တိုက်ပွဲ ပြင်းထန်တာမျိုးတော့ မဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိတယ်။ AA ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲဒီ ရဲတပ်ရင်းမှာ လက်နက်ကြီးကျတာတွေ ရှိတယ်လို့ သိရတယ်” ဟု ဆိုသည်။
ယင်းရဲတပ်ရင်းမှာ ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာတွင် ရှိနေပြီး အနီးအနားရှိ ကားကင်းစခန်းငယ်များကို AA က သိမ်းပိုက်ထားခြင်းလည်းဖြစ်သည်။ ထို့အတူ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင်လည်း စစ်ကောင်စီတပ်က အင်းအားဖြည့်ခြင်း၊ အနီးရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့မှာ လက်ရှိတွင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲများရှိနေသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်ဝန်းကျင်မှ စတင်၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံရွာပေါင်းများစွာမှ ပြည်သူများသည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။