စစ်ကောင်စီ၏ ဗိုလ်အဆင့်ရှိသူ ဗိုလ်ကြီးတစ်ဦးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထံသို့ ဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု ယမန်နေ့ ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
KNU ထံသို့ ဘက်ပြောင်းခိုလှုံသော တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်သည် KNU တပ်မဟာ (၄) ၏ တပ်ရင်း-၁၀ ထံသို့ ခိုလှုံခဲ့ခြင်းဖြစ်သည်။ ယခုလထဲတွင်ပင် KNU ထံ ဘက်ပြောင်းခိုလှုံလာသော ဗိုလ်ကြီးမျိုးဆွေဦးနှင့်ချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ လက်ရှိ ကျင့်သုံးလျက်ရှိသော စနစ်နှင့် ဆောင်ရွက်နေသော နည်းလမ်းများကို လက်မခံနိုင်သဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် တနင်္သာရီတိုင်း၊ လောင်လုံးမြို့နယ် ခြေလျင်ရင်တပ်ရင်းနှင့် နတ်အိမ်တောင် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ ခြေလျင်တပ်ရင်း (၁၀၄) တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၅၂) ကျောင်းဆင်းလည်းဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။
ဗိုလ်ကြီး ဇော်ဇော်အောင်အား ချိတ်ဆက်အကူအညီပေးခဲ့သူ ဗိုလ်ကြီးမြင့်ဆွေဦးသည်လည်း ယခုလ ဇူလိုင် ၁ ရက်တွင် KNU တပ်မဟာ (၄) ထံသို့ ဘက်ပြောင်းခိုလှုံခဲ့သူဖြစ်သည်။ ၎င်းသည်လည်း သုခစခန်းတာဝန်ခံ၊ ခြေလျင်တပ်ရင်း (၂၈၂) စစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဗိုလ်ကြီးမြင့်ဆွေဦး ဘက်ပြောင်းခိုလှုံပြီး ရက်ပိုင်းအကြာတွင် ၎င်းတာဝန်ကျခဲ့သော ထိုင်း-မြန်မာနယ်စပ်ရှိ သုခစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းခိုင်းခြင်းသည် အလွန်ဆိုးရွားစေပြီး ပြည်သူလူထုအပေါ် တရားမျှတမှုမရှိဘဲ ထင်ရာစိုင်းနေသည်ဟု KNU တပ်မဟာ (၄) ၏ ယခုလ ဇူလိုင် ၁၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- KNU ထံသို့ ဘက်ပြောင်းခိုလှုံလာသော ဗိုလ်ကြီး ဇော်ဇော်အောင်နှင့် ဗိုလ်ကြီး မြင့်ဆွေဦး (ဓာတ်ပုံ-KNU)