ဘုန်းမောင်
အရှေ့တောင်အာရှနိုင်ငံများကို လေ့လာကြည့်မည်ဆိုပါက ထက်ဝက်နီးပါးသည် စစ်ဗိုလ်ချုပ်ဟောင်းများ သို့မဟုတ် စစ်အာဏာရှင်အစိုးရများ၏ အုပ်ချုပ်မှုအောက်တွင် လက်ရှိအချိန်အထိ ရှိနေသည့်အတွက် ဒေသတွင်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအတွက် စိုးရိမ်စရာ အလားအလာများ ရှိနေသည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။
ကွန်မြူနစ်စနစ်ဖြင့် အုပ်ချုပ်လျက်ရှိသော ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သော ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လွန်ခွန်း (Luong Cuong) အား နိုင်ငံတော်သမ္မတသစ်အဖြစ် ရွေးချယ်ခဲ့လေသည်။ သမ္မတသစ် လွန်ခွန်းသည် စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သလို ဗီယက်နမ်ပြည်သူ့တပ်မတော်၊ နိုင်ငံရေးဌာန၏ ဒါရိုက်တာဟောင်းလည်းဖြစ်သည်။
ထို့အတူ ကမ္ဘာ့မွတ်စလင်မ် အများဆုံး နေထိုင်ရာ နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင်လည်း ပါရာဘိုဝို ဆူဘီ ယန်တိုက သမ္မတသစ်အဖြစ် သိပ်မကြာသေးခင်ကပဲ ကျမ်းသစ္စာ ကျိန်ဆိုခဲ့လေသည်။ ၎င်းသည်လည်း အထူးတပ်ဖွဲ့မှူးဟောင်းတစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အလွဲသုံးစားပြုလုပ်မှုစွပ်စွဲချက်များဖြင့် ၁၉၉၈ ခုနှစ်တွင် တပ်မတော်က နှုတ်ထွက်ခဲ့ရသူဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဆူဟာတို ဦးဆောင်သော စစ်အာဏာရှင်စနစ် ၁၉၉၈ ခုနှစ်တွင် ပြိုလဲပြီးနောက်ပိုင်း ပါရာဘိုဝို ဦးဆောင်သော အစိုးရသည် အင်ဒိုနီးရှားနိုင်ငံ၏ “စစ်ဘက်ဆိုင်ရာ အင်အားအတောင့်တင်းဆုံးသော အစိုးရအဖွဲ့” အဖြစ် သတ်မှတ်ခြင်း ခံထားရသည်ဟု ဩစတြေးလျအမျိုးသားတက္ကသိုလ် – ANU ၏ အရှေ့တောင် အာရှရေးရာဝဘ်ဆိုဒ်တစ်ခုဖြစ်သော ‘New Mandala’ ၏ အစီရင်ခံစာအရ သိရသည်။
အရှေ့တောင်အာရှ၏ အခြားသော နေရာများကို ကြည့်မည်ဆိုပြန်လျှင်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစ၍ နိုင်ငံ၏ နေရာအများစုသည် စစ်တပ်ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို တွေ့ရပေလိမ့်မည်။
ကမ္ဘောဒီးယားနိုင်ငံကို ကာလရှည်ကြာ အုပ်ချုပ်လာခဲ့သော ခေါင်းဆောင် ဟွန်ဆန်သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် ၎င်း၏ အာဏာကို အကြီးဆုံးသားဖြစ်သူ ဟွန်မာနက်ကို လွှဲပြောင်းပေးခဲ့လေသည်။ ဟွန်မာနက်သည်လည်း ကမ္ဘောဒီးယားနိုင်ငံ၏ စစ်ဦးစီးချုပ်ဟောင်းပင်ဖြစ်၏။ ထိုင်းစစ်တပ်သည်လည်း ၂၀၁၄ – ၂၀၂၃ ခုနှစ်အတွင်း တိုင်းပြည်ကို ထိန်းချုပ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း ထိုင်းစစ်တပ်သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပေါ် သိသိသာသာကိုပင် ဆက်လက်လွှမ်းမိုးထားနိုင်နေဆဲသာဖြစ်လေသည်။
အရပ်ဘက်ခေါင်းဆောင်မှု ကျဆင်းလာခြင်း
ဘရူနိူင်း၊ မလေးရှားနှင့် စင်ကာပူတို့ကသာလျှင် ၎င်းတို့ တိုင်းပြည်၏ စစ်တပ်များအပေါ် အရပ်ဘက်အုပ်ချုပ်ရေးကို တစိုက်မတ်မတ် ထိန်းသိမ်းထားနိုင်ခဲ့ကြလေသည်ဟု လေ့လာသုံးသပ်သူများက မှတ်ချက်ပြုထားကြသည်။
မလေးရှားနှင့် စင်ကာပူနိုင်ငံတို့၏ အင်အားကြီးနိုင်ငံရေးပါတီများသည် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းများကို ဖယ်ကြဉ်ထားနိုင်ခဲ့ချိန်မှာပဲ ဘရူနိုင်းနိုင်ငံကတော့ အကြွင်းမဲ့ဘုရင်စနစ်ကို ကျင့်သုံးလျက်ရှိနေပါသည်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ အာဏာရှင် ဖာဒီနန် မားကိုစ့်ကို ဖြုတ်ချနိုင်ခဲ့သည့် ဖေဖော်ဝါရီတော်လှန်ရေး သို့မဟုတ် လူထုတိုက်ပွဲကြီးတစ်ရပ် ၁၉၈၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။ ယင်းကာလများအတွင်း ဖိလစ်ပိုင် စစ်တပ်သည် အာဏာရှင် ဖာဒီနန် မားကိုစ့်အား ဖြုတ်ချနိုင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းအချိန်ကစ၍ ဖိလစ်ပိုင်စစ်တပ်သည် အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး နိုင်ငံတော်သမ္မတက တပ်မတော်စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။
သို့သော်ငြားလည်း အရှေ့တောင်အာရှ၌ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု မြင့်တက်လာခြင်းက ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်းကို ပိုမိုထင်ဟပ်လျက်ရှိနေသည်ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီမှ အရှေ့တောင်အာရှရေးရာဆိုင်ရာ ဝါရင့်သုတေသီ ဂျိုရွှာ ကာလန့်ဇစ် (Joshua Kurlantzick) က ဆိုသည်။
“ထိုင်းနိုင်ငံလိုပဲ ခြွင်းချက်အနေနဲ့ ပြောရရင် အာဏာရှင်တွေ ဆိတ်သုဥ်းသွားပြီလို့ ထင်ခဲ့တဲ့ အရှေ့တောင် အာရှပြင်ပက နေရာတွေမှာလည်း စစ်တပ်က သူတို့အတွက် အုပ်ချုပ်ရေးကို ပြန်အသက်သွင်းပြီး အုပ်ချုပ်ရေးကို ရယူခဲ့ကြတယ် “ဟု ကာလန့်ဇစ် က DW ကို ပြောသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော အာဖရိကတွင်းရှိ ဆာဟဲလ်ဒေသတဝှမ်း စစ်အာဏာသိမ်းမှုများနှင့် ပါကစ္စတန်၊ အီဂျစ်နိုင်ငံတို့၌ စစ်ဘက်ဆိုင်ရာ လွှမ်းမိုးမှုအသစ်များ ပြန်လည်ပေါ်ပေါက်လာခြင်းက ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။
စစ်အင်အားတိုးချဲ့ခြင်းများ
၂၀၁၄ ခုနှစ်ကစ၍ အရှေ့တောင်အာရှနိုင်ငံများတွင် စစ်အင်အားတိုးချဲ့မှုများ ပေါ်ပေါက်လာခဲ့ပြီး ယင်းကဲ့သို့ စစ်အင်အားတိုးချဲ့မှုများက ဒေသတွင်း၌ အာဏာရှင်စနစ်ဆီ ကူးပြောင်းချိန်နှင့် တိုက်ဆိုက်လျက်ရှိနေသည် ဟု ထိုင်းနိုင်ငံ၊ Naresuan တက္ကသိုလ်၊ နိုင်ငံတကာရေးရာကထိကနှင့် အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ပေါလ် ချိန်ဘာ (Paul Chamber) က ဆိုသည်။
အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင်း၌ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းကလည်း စစ်ဘက်ဆိုင်ရာ ဩဇာလွှမ်းမိုးမှုများကို ပို၍ တိုးမြင့်လာစေနိုင်ပါသည်။
ဒေသတွင်း၌ တရုတ်က အားကောင်းမောင်းသန်ကြီးထွားလာနေမှုကြောင့် တင်းမာမှုများ တိုးလာနေပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများမှာတော့ မူဝါဒများ ချမှတ်ခြင်းအပေါ် စစ်ရေးအရ ပိုမို တွန်းအားပေးလာခဲ့သည်။
ပေကျင်းနှင့် အငြင်းပွားမှုများတွင် ရှေ့ဆုံးတန်းက ရှိနေသော ဖိလစ်ပိုင်နိုင်ငံသည် စစ်ရေးတင်းမာမှုများကို နိုင်ငံရေးအရ ဆန့်ကျင်နေခဲ့သည်။
စစ်အသုံးစရိတ်များ တိုးမြှင့်လာခြင်း
၂၀၀၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အရှေ့တောင်အာရှ၏ စစ်အသုံးစရိတ်က နှစ်ဆကျော် တိုးလာခဲ့ပြီး ယူရို ၁၉ ဒဿမ ၃ ဘီလီယံမှ ယူရို ၄၁ ဘီလီယံအထိ ရှိခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာသုတေသနအင်စတီကျူ၏ စစ်အသုံးစရိတ်ဒေတာဘေ့စ်အရ သိရသည်။
ထိုင်းနိုင်ငံတွင် ဘုရင်စနစ်က ဩဇာကြီးမားနေဆဲဖြစ်ပြီး စစ်အာဏာသိမ်းမှုများအပေါ် ဆယ်စုနှစ်များစွာ ထောက်ခံခဲ့သည်။ ထိုင်းနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို အမြဲတစေ ဆောင်ရွက်နေသော်လည်း ယင်းဆောင်ရွက်မှုများက စစ်တပ်၏ နိုင်ငံရေးအရ ထိန်းချုပ်မှုများတွင် ပျောက်ဆုံးလျက်သာ ရှိနေသေးသည်ဟု ချိန်ဘာက ပြောသည်။
မြန်မာနိုင်ငံနှင့် နှိုင်းယှဥ်ကြည့်လျှင် မြန်မာစစ်တပ်သည် ၁၉၆၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တောက်လျှောက်နီးပါး နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ထိုသို့ အုပ်ချုပ်ခဲ့ခြင်းမှာလည်း နိုင်ငံတွင်း၌ အခြေခိုင်မာနေပြီဖြစ်သော ၎င်းတို့ အကျိုးစီးပွားများကို ကာကွယ်ရန်ဖြစ်လေသည်။
၂၀၂၀ ခုနှစ်က ထုတ်ဝေခဲ့သော ချိန်ဘာ၏ အက်ဆေးတစ်ပုဒ်မှာတော့ အာဏာရကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် စစ်တပ်အပေါ် ကြီးမားသော တွန်းအားပေးမှုများ ရှိခဲ့ပြီး ယင်းကပင်လျှင် အာဏာဖြင့် လွှမ်းမိုးထားနိုင်ခဲ့သော ဟွန်ဆန်မိသားစုအတွက် “အကြမ်းဖက်နည်းလမ်းဖြင့် အာဏာကို ထိန်းချုပ်ထားနိုင်ဖို့ ကိရိယာ” သဖွယ် ဖြစ်ခဲ့ပါသည်ဟု ရေးသားထားလေသည်။
ငွေကြေးလွှမ်းမိုးသော နိုင်ငံရေး
ငွေကြေးလွှမ်းမိုးသော နိုင်ငံရေးဆိုသည်က စစ်တပ် မောင်းနှင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းအားဖြင့် နိုင်ငံရေးတွင် စစ်တပ်က တစ်စိတ်တစ်ပိုင်း လွှမ်းမိုးထိန်းချုပ်ထားနိုင်သော အာဏာကို ဆိုလိုခြင်း ဖြစ်သည်ဟု စင်ကာပူနိုင်ငံရှိ ISEAS – Yusof Ishak Institute မှ ဗီယက်နမ်နိုင်ငံဆိုင်ရာအစီအစဥ်၏ စီနီယာသုတေသီဖြစ်သော Le Hong Hiep က ဆိုသည်။
ဗီယက်နမ်ပြည်သူ့တပ်မတော်သည် နိုင်ငံ၏ အကြီးမားဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်သော Viettel နှင့် အကြီးမားဆုံးသော ကွန်တိန်နာဆိပ်ကမ်းကြီးဖြစ်သည့် ဆိုင်ဂုံဆိပ်ကမ်းအပါအဝင် နိုင်ငံ၏ အကြီးမားဆုံးသော ကုမ္ပဏီတချို့ကို မောင်းနှင်လျက်ရှိသည်။
ဝါရှင်တန်ဒီစီအခြေစိုက် ဘက်မလိုက်သော နိုင်ငံတကာရေးရာအကြံပေးအဖွဲ့တစ်ခုဖြစ်သည့် CEIP (The Carnegie Endowment for International Peace) ၏ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံခေါင်းဆောင်များနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား အပြန်အလှန် သက်ရောက်မှုရှိနေသော ပါဝါဒိုင်းနမစ်အားဖြင့် ထိန်းကျောင်းထားသည့် ကမ္ဘာ့စစ်ရေးဆိုင်ရာ ဩဇာ လွှမ်းမိုးမှုများအကြောင်း အသားပေးဖော်ပြထားသည်ကို တွေ့ရပေသည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုသည် နိုင်ငံ၏ အချမ်းသာဆုံးသော စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် Hashim Djojohadikusumo ၏ အစ်ကိုဖြစ်သည်။ မြန်မာစစ်တပ်သည်လည်းပဲ နိုင်ငံ၏ အရေးအကြီးဆုံးသော စီးပွားရေးကဏ္ဍများကို လွှမ်းမိုးထားပါသည်။
“နေရာတိုင်းလိုလိုမှာ စစ်တပ်က အာဏာကို ပိုပြီး ချုပ်ကိုင်လာတယ်ဆိုတဲ့ အချက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်တော့ ဆိုးကျိုးတွေချည်းပါပဲ” ဟု ကာလန့်ဇစ်က ပြောသည်။
“ဒီလိုအခြေအနေတွေက စီးပွားရေးတိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေ လျော့နည်းသွားစေဖို့အတွက် စစ်တပ်ဟာ လူနည်းစုလက်တစ်ဆုပ်စာနဲ့ နိုင်ငံရေးသမားတွေ လိုက်လျောညီထွေဖြစ်စေမယ့် အခြေအနေ တစ်ခုကို ဖန်တီးပေးလေ့လည်းရှိတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ခြွင်းချက်အနေဖြင့်ဆိုရလျှင်မူ ဒေသတွင်း အသေးငယ်ဆုံးနှင့် သက်တမ်းအနုဆုံးဖြစ်သော အရှေ့ တီမောနိုင်ငံမှာတော့ ၂၀၀၂ ခုနှစ် ၎င်းတို့ လွတ်လပ်ရေးရရှိပြီးကတည်းက ပြောက်ကျားဟောင်းများနှင့် စစ်ခေါင်းဆောင်ဟောင်းများက နိုင်ငံကို ဦးဆောင်လျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ကိုလိုနီစနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Falintil ၏ ခေါင်းဆောင် Xanana Gusmao သည် အရှေ့တီမောနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်ဖြစ်ပေသည်။
Free House ကဲ့သို့သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ၏ အဆင့်သတ်မှတ်ချက်အရဆိုလျှင်လည်း အရှေ့တီမောနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ပြောရေးဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တို့အပေါ် အခြေခံသည့် “လွတ်လပ်မှု” ပုံမှန်အဆင့် သတ်မှတ်ခံထားရသော တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်နေပေတော့သည်။
Ref: DW