ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက ယနေ့နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် နေရာမှာ ကျောက်မဲမြို့ ရပ်ကွက် ၁ ပင်လုံလမ်းပေါ်ရှိ ကမ္ဘောဇသျှမ်းဘုန်းကြီးကျောင်းကပ်လျက် အထွေထွေအုပ်ချုပ်ရေးရုံး ဖြစ်သည်။
လတ်တလောရရှိသော အချက်အလက်များအရ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိသောကြောင့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းက နီးစပ်ရာ ဆေးခန်းများသို့ ပို့ဆောင်ပေးနေသည်ဟု သိရသည်။ ဒဏ်ရာရရှိသူများတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးပါဝင်ပြီး အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကျောက်မဲ ဒေသခံ အမျိုးသား တစ်ဦးက “ကြားသလောက်တော့ ထိခိုက်ဒဏ်ရာရတဲ့သူများတယ်။ သေဆုံးသူကတော့ သူတို့ ကွယ်ဝှက်ထားတာ သိပ်ပြီးတော့ မကြားသေးဘူးဗျ ဒါပေမယ့် လောလောဆယ် လူနာတင်ကားနဲ့ သယ်သွားတာ သေဆုံးကတော့ နှစ်ယောက် သုံးယောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတော့ များတယ်” ဟု ပြောသည်။
တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီက ယခုလအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။
ဇွန်လ ၂၇ ရက်ကလည်း ရပ်ကွက် ၄ ကို ညသန်းခေါင်အချိန် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် ဇွန်လ ၂၄ ရက်ကလည်း စံပြထမင်းဆိုင်ကို ညနေ ၅ နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၁၄ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း (CJ – ပေးပို့)









