ဘုန်းမောင်
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြားအပါအဝင် လူပေါင်းရာချီသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရက်စက်ရိုင်းစိုင်းတဲ့ ဝါဒစွဲကိုင်ထားတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။ အဲဒီနေ့မတိုင်ခင် ရှေ့တစ်ရက်ကလည်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ကိုးဦး သေဆုံးခဲ့ရပါသေးတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဆိုးရွားလွန်းတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာပဋိပက္ခတွေအတွက် ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လူသားဘဝတွေအပေါ် လျစ်လျူရှုထားတယ်ဆိုတာ ထင်ရှားစေပါတယ်” လို့ အမေရိကန် ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း မြန်မာစစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးလာနေခြင်းက အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချတဲ့ စကားလုံးတွေထက် အများကြီး ပိုပါတယ်။ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း မြန်မာ့ပြည်တွင်းစစ်ကို ထိန်းချုပ်ရမယ့် အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် ကျန်တဲ့ ကမ္ဘာကြီးကလည်း ကြမ်းတမ်းပြင်းထန်တဲ့ စကားလုံးတွေက လွဲပြီး ကျန်တဲ့အရာတွေ ဆောင်ရွက်ဖို့ စိတ်ဝင်စားမှု မရှိသလောက်ပါပဲ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက “စစ်ကိုင်း လေကြောင်း တိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်နေမှုက ကမ္ဘာကြီးရဲ့ ဥပေက္ခာပြုမှုနဲ့ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့အတွက်ကြောင့်ပါပဲ။
ဒီရက်စက်မှုတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက ရပ်တန့်ဖို့ နောက်ထပ် ကလေးဘယ်လောက် ထပ်သေပေးရဦးမှာလဲ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။အင်ဒရူးကတော့ မြန်မာ့စစ်ပွဲဟာ ကမ္ဘာကြီးရဲ့ မေ့လျော့ခံနေရတဲ့ စစ်ပွဲပဲလို့ ပြောခဲ့ပါတယ်။
သိသာထင်ရှားတာ နှစ်ချက်ကတော့ အတိုက်အခံတွေရဲ့ ငွေကြေးနဲ့ လက်နက်အကူအညီတွေပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေမှုကို ကမ္ဘာ့နိုင်ငံတွေက ငြင်းပယ်နေကြတဲ့ တစ်ချိန်တည်းမှာပဲ အနောက်ဒီမိုကရေစီနိုင်ငံတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ဖို့ နောက်ဆုံးပေါ်လက်နက်တွေနဲ့ ယူကရိန်းကို ထောက်ပံ့ပေးနေတာပါ။
“ပဋိပက္ခနှစ်ခုစလုံးက တစ်ပုံစံတည်း မဟုတ်ပေမယ့်လည်း မြန်မာ့အရေးကို လုံးဝလျစ်လျူရှုထားချိန်မှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းကို ယူကရိန်းက ဘယ်လောက်တောင် စည်းရုံးထားသလဲဆိုတာက သိသာ ထင်ရှားပါတယ်” လို့ Tasmania တက္ကသိုလ်က နီကိုလပ်စ် ဖာရီလေးက သိပ်မကြာခင်ကပဲ အက်ဆေးတစ်ပုဒ်မှာ ရေးသားခဲ့ပါတယ်။
အကြောင်းရင်းတစ်ခုက ဒီမိုကရေစီတော်လှန်ရေးကို ဦးဆောင်မယ့် အထင်ကရ ခေါင်းဆောင် တစ်ယောက် မရှိတဲ့ အချက်နဲ့လည်း ဆက်စပ်နေတယ်လို့ ဖာရီလေးက အကြံပြုထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူထုခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချထားတဲ့အတွက် မြန်မာ့ အတိုက်အခံတွေရဲ့ တော်လှန်ရေးအတွက် လောက်လောက်လားလား အားထားစရာ ခေါင်းဆောင်မျိုး မရှိဘူး” လို့လည်း ရေးသားထားပါတယ်။
အလားတူပဲ ဇန်နဝါရီ ၃၁ ရက်က ထုတ်ဝေခဲ့တဲ့ The Economist ဆောင်းပါးတစ်ပုဒ်မှာလည်း “ဒီခုခံတော်လှန်ရေးသစ်မှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်က တစ်ယောက်မှ မရှိဘူး” လို့ ရေးသားထားပါတယ်။
Frontier Myanmar ကလည်း “ယူကရိန်းသမ္မတ ဇာလန်စကီးလိုမျိုး နိုင်ငံရဲ့ အမှတ်အသားတစ်ခုအဖြစ် လူမှတ်မိတဲ့ ခေါင်းဆောင်မျိုး မရှိတာကလည်း နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ စုစည်းနိုင်ဖို့ မလွယ်ပါဘူး” လို့ဖော်ပြထားပါတယ်။NUG ကို ယာယီသမ္မတ ဒူဝါလရှီးလ ခေါင်းဆောင်နေပေမယ့် နိုင်ငံတကာမှာ သူ့ကို သိတဲ့လူ မရှိသလောက်ပါပဲ။
တော်လှန်ရေးခေါင်းဆောင်တွေ အများကြီး တက်လာခဲ့ပေမယ့် အတက်လွယ် အဆင်းလွယ်နဲ့ အောင်မြင်ကျော်ကြားမှုက ခဏတာလေးပါပဲ။ အာဏာသိမ်းပြီး သိပ်မကြာခင်တုန်းကပဲ ချင်းပြည်နယ်က ဆရာဝန်နဲ့ NLD စည်းရုံးရေးမှူး ဒေါက်တာဆာဆာဟာ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် အဓိက ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး သူ့အောင်မြင်ကျော်ကြားမှု ကျဆင်းသွားခဲ့ပါတယ်။
“NUG အတွင်း ဒေါက်တာဆာဆာရဲ့ အခန်းကဏ္ဍက သိသိသာသာ လျော့ကျသွားပါပြီ။ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးအဖြစ် ဆက်ပြီး ရှိနေပေမယ့် အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေနဲ့ အခမ်းအနားတွေမှာ ကြီးကြီးမားမား ပါဝင်နေတာမျိုး တွေ့ရနည်းသွားပါတယ်” လို့ Frontier Myanmar က ဖော်ပြခဲ့ပါတယ်။
ဒီမိုကရေစီမျက်နှာစာမှာ နောက်ထပ်လှုပ်ရှားသူ တစ်ယောက်ဖြစ်သလို ကာလရှည်ကြာ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ခဲ့တဲ့ မင်းကိုနိုင် ဆိုရင်လည်း အာဏာသိမ်းပြီး သိပ်မကြာခင်လတွေမှာ ထင်ရှားခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ရှေ့တန်းမျက်နှာစာကနေ သိသိသာသာ ဆုတ်ခွာသွားခဲ့တယ်လို့လည်း ဖော်ပြထားပါသေးတယ်။
အလားအလာရှိတဲ့ ခေါင်းဆောင်တွေကလည်း စစ်ကောင်စီအင်အားစုတွေရဲ့ ပစ်မှတ်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လူမြင်ကွင်းထဲ ထွက်တာမျိုး သိပ်ပြီး လုပ်လိုပုံ မပေါ်ပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး နိုင်ငံရဲ့ ကာလရှည်ကြာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်ခဲ့သလို NLD အစိုးရကို ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခဲ့ရင်တော့ ဇာလန်စကီး ခေါင်းဆောင်နေတဲ့ ကဏ္ဍလို ခေါင်းဆောင်နိုင်မှာပါပဲ။
ဖမ်းဆီးခံရတဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်းတာကို လက်မခံကြဖို့ မြန်မာပြည်သူတွေကို မှာကြားခဲ့ပြီး စစ်အာဏာသိမ်းမှုက တိုင်းပြည်ကို အာဏာရှင်စနစ်အောက် ပြန်ပြီး တွန်းပို့လိမ့်မယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း သတိပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြည်သူတွေဆီ ပြောလိုတဲ့ သတင်းစကားတွေကို ကြားခံကနေတဆင့်သာ သူမအနေနဲ့ ပြောနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ သူမက စည်းလုံးညီညွတ်စွာနဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ဆွေးနွေးဖို့ ပန်ကြားခဲ့ပုံပါပဲ။
စာရေးဆရာ၊ လေ့လာသူနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းလည်းဖြစ်ခဲ့တဲ့ စကော့ မာစီရယ်က “စည်းရုံးနိုင်စွမ်းနဲ့ ကျော်ကြားမှုက မြင့်မားတဲ့ လူထုလှုပ်ရှားမှုတစ်ရပ်လို အများကြီး အထောက်အကူ ပြုတာကတော့ အမှန်ပဲ”လို့ Asia Times ကို ပြောပါတယ်။
အာဏာမသိမ်းခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီး ပြည်ပဆီ ထွက်ခွာနိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ခန့်မှန်းနိုင်တာတစ်ခုရှိပါတယ်။
သေချာတာကတော့ ဇာလန်စကီးလိုပဲ သူမကိုလည်း အနောက်တိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကွန်ဂရက် လွှတ်တော်တွေနဲ့ ပါလီမန်တွေဆီ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခံရပါလိမ့်မယ်။ သတင်းပုံမှန် ဖော်ပြခံရသူလည်း ဖြစ်ပါလိမ့်မယ်။
သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေနဲ့ အယ်ဒီတာတွေဟာ လူ့အသည်းနှလုံးကို ထိစေမယ့် ဇာတ်လမ်းတွေကို နှစ်ခြိုက်လေ့ရှိပြီး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အနောက်နိုင်ငံတွေက ချက်ချင်းပဲ အသိအမှတ်ပြုကြမှာဖြစ်ကာ မြန်မာနိုင်ငံသတင်းတွေက မီးပွားလို စဉ်ဆက်မပြတ် လွှင့်နေပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာ တစ်ခု ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ၁၅ နှစ်ကြာ အကျဉ်းကျခံနေရစဉ်ကာလ အတွင်း ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်တဲ့ ရပ်တည်မှုကြောင့် “အာဏာမရှိသူများရဲ့ ခံနိုင်ရည်စွမ်းအား” အတွက် ၁၉၉၁ ခုနှစ်မှာ နိုဗယ်လ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီကာလတွေမှာ သူမက အနောက်နိုင်ငံတွေရဲ့ ချစ်ခင်ဖွယ်ရာ လစ်ဘရယ် တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဆုတံဆိပ်တွေနဲ့ ဂုဏ်ထူးဆောင်ဆုတွေ ချီးမြှင့်ခဲ့ကြပါတယ်။ ပြင်သစ်ဒါရိုက်တာ Luc Besson က “The Lady” နာမည်နဲ့ သူမအကြောင်း ရုပ်ရှင်ရိုက်ကူးခဲ့ပြီး အနောက်နိုင်ငံတွေမှာ ထင်ရှားကျော်ကြားစေမယ့် အိုင်ကွန် ဖြစ်စေခဲ့ပါ တယ်။
ဒါပေမယ့် သူမရဲ့ ဂုဏ်သိက္ခာတွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တဲ့ အဖြစ်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ (ပြင်သစ်သတင်းစာ တစ်စောင်ကတော့ သူမ ဖမ်းဆီးခံခဲ့ရတဲ့ နေ့မှာပဲ သူမကို “အငြင်းပယ်ခံလိုက်ရသူ တစ်ယောက်” လို့ ခေါ်ဝေါ်ခဲ့ပါတယ်။)
၂၀၁၅ ရွေးကောက်ပွဲကို သူမခေါင်းဆောင်တဲ့ NLD ပါတီ အနိုင်ရခဲ့ပြီး သူမလည်း နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လစ်ဘရယ်ဝါဒအပေါ် လေးစားသူ၊ ဖိနှိပ်မှု မရှိသူဆိုတဲ့ သူမအပေါ် ဂုဏ်တင်ပြောဆိုခဲ့တာတွေက မှားယွင်းကြောင်း ပြသခဲ့ပါတော့တယ်။ ပိုဆိုးတာကတော့ ၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာက အပြင်းအထန် ဆုံးရှုတ်ချခဲ့တဲ့ စစ်တပ်ရဲ့ မူဆလင်တွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ကို ကာကွယ်ပေးခဲ့တဲ့အတွက် သူမပုံရိပ် ညှိုးမှိန်သွားခဲ့ပါတော့တယ်။
ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရပြီး ၆၀၀,၀၀၀ နီးပါးကတော့ ဖိနှိပ် ချုပ်ချယ်မှုတွေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေကြရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းထားပါတယ်။
“စစ်တပ်အပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစွပ်စွဲချက်တွေကို သူမက ခုခံကာကွယ်ပေးပြီးနောက်မှာတော့ သူမအပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုတွေ အားလုံး ပြိုလဲသွားတော့တာပဲ” လို့ ဝါရှင်တန်ဒီစီ National War College ပါမောက္ခ ဇာခရီ အဘူဇာက ပြောခဲ့ပါတယ်။
“သူမက ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာပေါ့။ တကယ်လို့များ ညှိနှိုင်းဆွေးနွေးတာမျိုးနဲ့ ဖြေရှင်းနိုင်ခဲ့မယ် ဆိုရင်တောင် သူမအနေနဲ့ မပါဝင်သင့်ဘူး မဟုတ်လား။ ခုတော့ လမ်းကြောင်းတစ်ခုတည်းကိုပဲ သူမ ဦးတည်ခဲ့တာ ထင်ရှားလွန်းတယ်” လို့ သူက ဖြည့်စွက်ခဲ့ပါတယ်။
“အခုတော့ သူမအနေနဲ့ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ နိုင်ငံရေးအထက်တန်းလွှာတွေရဲ့ နား၊ မျက်စိ ဖြစ်တဲ့လူ တစ်ယောက်က အမှန်တရားဘက်က ရပ်တည်ဖို့ ပျက်ကွက်ခဲ့တယ်။ တစ်စိတ်တစ်ပိုင်းအဖြစ် သူမ ပါဝင်ခဲ့တဲ့အတွက် နိုင်ငံတကာအထောက်အပံ့ရဖို့ အခုတော့ NUG အပေါ် ထိခိုက်စေခဲ့တယ်” လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့်လည်း စည်းရုံးနိုင်စွမ်းရှိပြီး လူထုကြားထင်ရှားသူကသာ ဦးဆောင်ခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းက အခုထက်ပိုပြီး တုံ့ပြန်နိုင်လိမ့်မယ် ဆိုတာကလည်း သံသယရှိစရာပါပဲ။
“ဒါက တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ကိုယ်ပိုင်အမူအကျင့်နဲ့ ဆိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး။ အဲဒါထက် ခေါင်းဆောင်မှုနဲ့ ပိုပြီး ဆိုင်တယ်” လို့ အကြီးတန်း နိုင်ငံခြားသံတမန်တစ်ယောက်က Asia Times ကို ပြောပါတယ်။
လက်ရှိတော်လှန်ရေးမှာ အရေးအကြီးဆုံးပြဿနာက ကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုကြီးက စည်းစနစ် မရှိတဲ့အတွက်ကြောင့်ပဲလို့ လေ့လာသူတွေက ပြောပါတယ်။ NUG က တော်လှန်ရေးကိုယ်စား စကား ပြောဆိုပေးတယ်ဆိုပေမယ့် မြေပြင်မှာ လှုပ်ရှားနေတဲ့ PDF တွေအကြားမှာ အဖွဲ့ကွဲတွေ အများကြီး ရှိနေပါတယ်။ အဲဒီအဖွဲ့ အများစုအနေနဲ့က သီးခြားလွတ်လပ်စွာ လှုပ်ရှားကြတာ၊ ဒါမှမဟုတ် EAO တွေနဲ့ မဟာမိတ်ဖွဲ့ထားကြတာမျိုး လုပ်ထားကြပါတယ်။
“အတိုက်အခံတွေ အားလုံးကို ဗဟိုပြုနိုင်တဲ့ အရည်အသွေးရှိတဲ့ ခေါင်းဆောင်မျိုး အခုထိ မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ မစည်းလုံးကြတဲ့အတွက်ပဲ” လို့ CSIS ရဲ့အရှေ့တောင်အာရှဆိုင်ရာ ပရိုဂရမ်ဒါရိုက်တာ Gregory Poling က ပြောပါတယ်။
အတိုက်အခံတွေ အားလုံး အသံထွက်လာကြဖို့ NUG က တောင်းဆိုနေပေမယ့် ဖြစ်မလာသေးဘူး။ NUG နဲ့ မပူးပေါင်းထားတဲ့ EAO တွေကလည်း NUG အောင်ပွဲရဖို့ မျှော်လင့်ချက် မရှိသလို NUG ရဲ့ နိုင်ငံရေးဦးဆောင်မှုတွေနောက် လိုက်ဖို့ကိုလည်း စိတ်ဝင်စားပုံ မပေါ်ဘူးလို့ ဖြည့်စွက်ခဲ့ပါတယ်။
နိုင်ငံခြားအစိုးရတွေက မြန်မာ့ပဋိပက္ခထဲ ဝင်လာဖို့ တွန့်ဆုတ်နေရတဲ့ အကြောင်းမှာ အတိုက်အခံတွေကြား စည်းလုံးညီညွတ်တာမျိုး မရှိသေးတာက အဓိကအကြောင်းရင်းဖြစ်နိုင်တယ်လို့ တချို့တွေက သုံးသပ်ကြပါတယ်။
“သင့်တော်တဲ့ ဖက်ဒရယ်စနစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ EAO တွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံး ပါဝင်မယ့် ညီညွတ်တဲ့ မျက်နှာစာတစ်ခု ဖန်တီးဖို့ လိုအပ်ပါတယ်။ ဒါက စစ်တပ်က စီစဉ်ထားတဲ့ ရွေးကောက်ပွဲအစီအစဉ်မှာ NUG နဲ့ အစားထိုးနိုင်ဖို့ နိုင်ငံတကာအစိုးရတွေရဲ့ မျှော်လင့်ချက်ပါပဲ” လို့ Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။သူကပဲ “အခုထိတော့ ဒီအရာက ဖြစ်မလာသေးပါဘူး” လို့ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမအိမ်ကွင်းမှာ ရေပန်းစားနေသော်ငြား မီးမောင်းထိုးပြစရာ သူမရဲ့ နိုင်ငံရေးက ကုန်ဆုံးသွားပြီလို့ ဆိုရဖွယ် ရှိနေပါတယ်။ သူမရဲ့ NLD အပေါ် ဩဇာလွှမ်းမိုးချုပ်ကိုင်ထားမှုက ဒီမိုကရေစီဖွံ့ဖြိုးဖို့ အဟန့်အတားတစ်ခုပဲလို့ လူငယ်မျိုးဆက်တွေက ရှုမြင်ထားကြပါတယ်။
မြန်မာနိုင်ငံအတွက် ဆယ်စုနှစ်တွေများစွာ ရှုပ်ထွေးစေခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို တော်လှန်ရေးနည်းလမ်းနဲ့ ဖြေရှင်းခဲ့ပါတယ်။ စစ်အုပ်ချုပ်မှုဆန့်ကျင်ရေးလှုပ်ရှားမှုမှာ NLD ရဲ့ စနစ်တကျ တားဆီးပိတ်ပင်မှုတွေကို ခွဲထုတ်ပစ်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ဆိုရင် အခုအချိန်မှာတော့ NUG က သမိုင်းတလျှောက် နိုင်ငံတော်ရဲ့ ကွဲပြားခဲ့မှုတွေကို ဖြေရှင်းဖို့ ဖက်ဒရယ်စနစ်ကို အဆိုပြုထားပြီး နယ်စွန်နယ်ဖျားက လူနည်းစု တိုင်းရင်းသားတွေကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြုထားပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုက ငြိမ်းချမ်းရေးနဲ့ လစ်ဘရယ်ဆန်မှုကို ဘယ်လိုနည်းလမ်းနဲ့ ရနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အတွေးအမြင် သိသိသာသာ ပြောင်းလဲလာစေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG အကြီးတန်းခေါင်းဆောင်တွေဟာ သက်ကြီးမျိုးဆက်ကဖြစ်ပြီး အကြမ်းမဖက် နည်းလမ်းကသာ နိုင်ငံရေးအောင်မြင်စေမယ့် ရည်မှန်းချက်အဖြစ် ခံယူထားကြပါတယ်။ PDF ထဲက လူငယ် အများစုကတော့ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပဲ ရှိတယ်လို့ မှတ်ယူထားကြပါတယ်။
သူတို့တွေအတွက်တော့ စစ်မဖြစ်ခင်ကလို ပိုနေမြဲ ကျားနေမြဲအခြေအနေတွေဆီပြန်ရောက်ဖို့ အခွင့်အရေးက နည်းပါးခဲ့ပါပြီ။ စစ်အာဏာရှင်နိုင်ငံရေးစနစ်နဲ့ အစွန်အဖျားဒေသတွေအပေါ် ဗဟိုချုပ်ကိုင်မှုရှိတဲ့ စနစ်ကို တွန်းလှန်ပစ်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ အရည်အချင်းနဲ့ ဩဇာအာဏာရှိနေလင့်ကစား အခုတော့လည်း မအောင်မြင်တဲ့ နည်းလမ်းဟောင်းကြီးကို ကိုယ်စားပြုထားတဲ့ ခေါင်းဆောင်မဲ့လှုပ်ရှားမှု လမ်းမကြီးပေါ်မှာ မြန်မာ့အရေးက စမ်းတဝါးဝါးလျှောက်လျက်ပါပဲ။
Ref: