အသက်ဆုံးရှုံးမှုများခဲ့သော အိန္ဒိယလေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုတွင် လေယာဉ်စတင်ထွက်ခွာပြီး မကြာမီအချိန်၌ အင်ဂျင်များသို့ လောင်စာဆီများ ဖြတ်တောက်ခဲ့သည်ဟု ကနဦးအစီရင်ခံစာတစ်စောင်က တွေ့ရှိခဲ့သည်။
ပြန်လည်ရရှိခဲ့သော ကော့ပစ်အသံမှတ်တမ်းများတွင် လေယာဉ်မှူးတစ်ဦးက “မင်းဘာလို့ ဖြတ်တောက်လိုက်တာလဲ” ဟု အခြားလေယာဉ်မှူးတစ်ဦးကို မေးမြန်းသည်ကို ကြားသိခဲ့ရကြောင်း ဖော်ပြထားပြီး အခြားလေယာဉ်မှူးက “မလုပ်ဆောင်ခဲ့ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
လန်ဒန်သို့ ဦးတည်ပျံသန်းခဲ့သည့် Boeing 787-8 Dreamliner လေယာဉ်သည် ဇွန်လ ၁၂ ရက်က အိန္ဒိယအနောက်ပိုင်း အာမက်ဒါဘတ်လေဆိပ်မှ စတင်ထွက်ခွာပြီး တစ်မိနစ်ပင် မပြည့်မီ ပျက်ကျခဲ့ရာ လူပေါင်း ၂၆၀ သေဆုံးခဲ့ပြီး အများစုမှာ ခရီးသည်များဖြစ်သည်။ ဗြိတိန်နိုင်ငံသားတစ်ဦးသာ အံ့ဖွယ် အသက်ရှင်ကျန်ရစ်သည်။
အိန္ဒိယလေယာဉ်မတော်တဆမှုစုံစမ်းစစ်ဆေးရေးဗျူရို (Aircraft Accident Investigation Bureau – AAIB) က စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဦးဆောင်လုပ်ဆောင်နေပြီး နောက်ဆုံးအသေးစိတ်အစီရင်ခံစာကို တစ်နှစ်အတွင်း ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြသည်။
ပျံသန်းမှုမှတ်တမ်းတင်စက်မှ ရရှိသော အချက်အလက်များအရ လေယာဉ်၏ မြေပြင်ပေါ်တွင် အင်ဂျင်ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် အများအားဖြင့် အသုံးပြုသည့် လောင်စာထိန်းချုပ်ခလုတ်နှစ်ခုစလုံးကို လေယာဉ်စထွက်ခွာပြီး မကြာမီ စက္ကန့်ပိုင်းအတွင်း “run” အနေအထားမှ “cutoff” အနေအထားသို့ ရွှေ့ခဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် အင်ဂျင်နှစ်ခုစလုံး တွန်းအားဆုံးရှုံးခဲ့ရသည်ဟု AAIB ၏ အစီရင်ခံစာက ဆိုသည်။ ထို့နောက် ကော့ပစ်အတွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးက အခြားတစ်ဦးကို လောင်စာဆီ အဘယ်ကြောင့် ပိတ်လိုက်သည်ကို မေးမြန်းခဲ့သည်။ Gatwick သို့ ဦးတည်ပျံသန်းမည့် အဆိုပါလေယာဉ်ကို ကပ္ပတိန် Sumeet Sabharwal နှင့် တွဲဖက်လေယာဉ်မှူး Clive Kundar တို့က ပျံသန်းမောင်းနှင်ခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာတွင် မည်သည့်အသံက မည်သူ၏ အသံဖြစ်သည်ကို အတိအကျ မဖော်ပြထားပေ။
ထို့နောက် လောင်စာဆီခလုတ်များကို ပုံမှန်လေထဲပျံသန်းနေသည့် အနေအထားသို့ ပြန်ရွှေ့ပြောင်းခဲ့ရာ အင်ဂျင်တစ်ခုမှာ တွန်းအား ပြန်လည်ရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း လေယာဉ်၏ အရှိန်လျော့ကျမှုကို ပြန်တင်နိုင်ခြင်း မရှိခဲ့ပေ။ လေယာဉ်မပျက်ကျမီနှင့် ဆရာဝန်များနေထိုင်သည့် အဆောက်အအုံတစ်ခုပေါ်သို့ ထိုးကျကာ ပေါက်ကွဲမှုမဖြစ်ပွားမီ လေယာဉ်မှူးတစ်ဦးက မေဒေးခေါ်ဆိုမှုကို ပြုလုပ်ခဲ့သည်။
လေယာဉ်မှူးနှစ်ဦးစလုံးသည် လေယာဉ်မပျံသန်းမီ “လုံလောက်သော အနားယူချိန်” ရရှိခဲ့သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။ ကျွမ်းကျင်သူများက ငှက်များကြောင့် ပျက်ကျခြင်းဖြစ်နိုင်သည်ဟု ယခင်က ခန့်မှန်းခဲ့ကြသော်လည်း အစီရင်ခံစာတွင် လေယာဉ်ပျံသန်းသည့် လမ်းကြောင်းအနီးတစ်ဝိုက်တွင် “သိသာထင်ရှားသည့် ငှက်များ၏ လှုပ်ရှားမှု မရှိခဲ့” ဟု ဖော်ပြထားသည်။
ထို့အပြင် အစီရင်ခံစာတွင် “လေယာဉ် သို့မဟုတ် ၎င်း၏အင်ဂျင်များတွင် သိသာထင်ရှားသည့် ချို့ယွင်းချက် မတွေ့ရှိသေးပါ” ဟု ဖော်ပြထားသည်။
မည်သည့် ကောက်ချက်မှ မချရသေးသော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လက်ရှိသည်။ သမိုင်းတွင် အဆိုးရွားဆုံး ပျက်ကျမှုများထဲမှ တစ်ခုဖြစ်သော အဆိုပါပျက်ကျမှုဆိုင်ရာ ကနဦးစုံစမ်းစစ်ဆေးမှုကို AAIB က ဦးဆောင်ခဲ့ပြီး ဘိုးရင်း (Boeing)၊ အင်ဂျင်ထုတ်လုပ်သူ GE၊ Air India နှင့် အိန္ဒိယ၊ ယူကေနှင့် အမေရိကန်တို့မှ လေကြောင်းထိန်းချုပ်ရေးအဖွဲ့များကလည်း ပါဝင်ကူညီခဲ့ကြသည်။
ယခုမတော်တဆမှုသည် ၂၀၁၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် Boeing 787-8 Dreamliner လေယာဉ်သမိုင်းတွင် ပထမဆုံးအကြိမ် အသက်ဆုံးရှုံးမှုဖြစ်စေသော ပျက်ကျမှုဖြစ်ခဲ့သည်။
သတင်း – BBC