စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းအား ယနေ့ ဇူလိုင် ၁၁ ရက် အာရုံတက်ချိန် ၁ နာရီခန့်တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအဝင် စစ်ဘေးရှောင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ရသည်ဟု သိရသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရသော လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းဓာတ်ပုံများတွင် ဗုံးဒဏ်ကြောင့် ပျက်စီးနေသော ဘုန်းကြီးကျောင်းနှင့် ရုပ်အလောင်းများစွာကိုတွေ့ရှိရသည်။
“လောလောဆယ် စစ်ဘေးရှောင်ကလေးလူကြီးစုစုပေါင်း ၃၀ ခန့်သေဆုံး။ နောက်ထပ် သေဆုံးများရှိနိုင်သလို ဒဏ်ရာရလည်းများပြားနိုင်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာ၌ ထုတ်ပြန်ပြောဆိုထားသည်။
လင်းတလူးကျေးရွာသည် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ စစ်ကိုင်း-ရွှေဘို အဝေးပြေးလမ်းမကြီးဘေး၌တည်ရှိသည်။
ဗုံးကြဲမှုများ ပြုလုပ်ပြီးတိုင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များ၌ ဗုံးဒဏ်ကြောင့် သေဆုံးသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များသည်ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ပြည်သူများ၏ နေအိမ် ၁၅၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စာသင်ကျောင်း ၁၂ ကျောင်း ပျက်စီးခဲ့ရသည်။
ထို့အပြင် ဇွန်လတစ်လတည်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉၀ ဦး သေဆုံးခဲ့သည့်ထဲတွင် အရွယ်မရောက်သေးသူ ၇ ဦးပါသည်။


