စစ်ကောင်စီက ကရင်နီပြည်နယ်၊ မော်ချီးဒေသနှင့် ဒီးမောဆို့မြို့နယ်များကို ယနေ့ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ငါးဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် မော်ချီးဒေသရှိ အရပ်သားများနေထိုင်ရာနေရာကို ပစ်မှတ်ထား၍ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများမှ ပြောသည်။ ဒေသခံအမျိုးသမီး တစ်ဦးက “လေကြောင်းကတော့ နှစ်ကြိမ် ကြဲသွားတယ်။ ပြည်သူ အမျိုးသမီး ငါးဦး သေတယ်။ ၁၀ ဦးလောက်တော့ ဒဏ်ရာရတယ်” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် များသောကြောင့် သေဆုံးသူလူဦးရေ ထပ်တိုးလာနိုင်သည်ဟုလည်း ဒေသခံများက ယူဆကြသည်။ ထို့အပြင် စစ်ကောင်စီသည် ယနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်တွင် ဒီးမောဆို့မြို့နယ်ကို ပြင်းအား ပေါင် ၂၀၀ ရှိသော ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီက ဆေးပေးခန်း တစ်ခုနှင့် အရပ်သားနေအိမ်များကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CTER-Karenni အဖွဲ့မှ ထုတ်ပြန်ပြောဆိုထားသည်။ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်တွင်လည်း စစ်ကောင်စီက မော်ချီးဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်။
ထို့အပြင် ဇူလိုင် ၁၁ ရက်ကလည်း စစ်ကိုင်းမြို့အနီးရှိ လင်းတလူးကျေးရွာ၊ ဝက်လက်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတို့ကို လေကြောင်းမှ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ပုံစာ- စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်မှုမြင်ကွင်းများ