ထိုင်း – ကရင်နယ်စပ်၊ ဝေါ်လေဒေသရှိ သက်ရှိစည်းရိုးအမည်ဖြင့် စစ်တပ်ဘက်မှ ရုပ်ရှင်ရိုက်ကူးခဲ့သည့် ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု မြေပြင်ရဲဘော်များထံမှသိရသည်။
ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဘက်မှ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုမြေပြင်နှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၎င်းက “စခန်းရသွားပြီ။ ဒီနေ့လယ်ပိုင်းမှာပဲ ရသွားတာ” ဟု ဆိုသည်။
ယနေ့ ပူးပေါင်းတပ်ဘက်မှ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့် ထိုင်းဘက်သို့ ထွက်ပြေးသွားသည်ဟု မြေပြင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းက “ထွက်ပြေးသွားတဲ့အထဲ ဗိုလ်တစ်ယောက် ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ဥကရစ်ထဒေသရှိ ရဲစခန်းကို စစ်ကောင်စီတပ်သားနှင့် ရဲများက စွန့်ခွာခဲ့သောကြောင့် အဆိုပါရဲစခန်းကို ဇူလိုင် ၁ ရက်တွင်ပင် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။
စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် ဥကရစ်ထစခန်းရှိ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းသူ တချို့ရှိသလို တချို့မှာ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးသွားသည်ဟု မြေပြင်သတင်းအရ သိရသည်။
ဥကရစ်ထစခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် KNDO က ဦးဆောင်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းအပြင်းအထန်ခုခံခဲ့သောကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကာ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းကို ဇွန် ၃၀ ရက်မှစပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ဦးခန့်လည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည်။