တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်အောက်ရွာအား ပေါင် ၅၀၀ ဗုံး တစ်လုံးကြဲချခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု မိုးကုတ်ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ပန်းမထိပ်အောက်ရွာ ညောင်ပင်နားက ဘုန်းကြီးကျောင်း အပေါ်ဘက်ကို ကျတာ။ည ၁၀ နာရီခွဲကျော်နေပြီ။ လူ ၈ယောက်လောက် ဒဏ်ရာရတယ်။ သိပ်တော့မစိုးရိမ်ရဘူး” ဟု ပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်းမထိပ်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရသေးသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လကုန်ကစပြီး ၎င်းလက်လွှတ်ထားရသည့် သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့တို့အား လေယာဥ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်မှုများကြောင့် နှစ်ပတ်ကျော်အတွင်း ဒေသခံ ၁၅ ဦး သေဆုံးခဲ့ရပြီး ၄၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။