မြန်မာနှင့် အမေရိကန်အကြား သွင်းကုန်ပို့ကုန်များအတွက် အခွန်ရာခိုင်နှုန်းများ လျှော့ပေါ့ကောက်ခံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ညှိနှိုင်းလိုသည်ဟု ပြန်လည်အကြောင်းကြားစာတွင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်းရေးသားခဲ့သည်။
အမေရိကန်နိုင်ငံသို့ ပို့ဆောင်သည့် ကုန်စည်များအတွက် စည်းကြပ်ရန် သတ်မှတ်ထားသည့် အခွန် ၄၀ ရာခိုင်နှုန်းအစား ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိနှင့် အမေရိကန်မှ ပြန်လည် တင်သွင်းသည့် ကုန်စည်များ အတွက် ၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်သာ လျှော့ပေါ့ကောက်ခံရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာ- အမေရိကန် ကုန်သွယ်ရာတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်စည်များအား စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည်ဟု အမေရိကန်နိုင်ငံမှ ဇူလိုင် ၇ ရက်တွင် အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ စည်းကြပ်ခွန်နှုန်းထားသည် မြင့်မားသည့်အပြင် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြား ကုန်သွယ်မှု ဆက်ဆံရေး ခိုင်မာစေရန်အတွက် ညှိနှိုင်းလျှော့ပေါ့ပေးစေလိုပြီး လိုအပ်ပါက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ အမြန်စေလွှတ်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုသည်ဟု ဒေါ်နယ်ထရမ့်ထံ ပေးပို့သည့် စာတွင် ထည့်သွင်းရေးသားသည်။
လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာအဆင်းရဲဆုံး (LDC) စာရင်းဝင် နိုင်ငံ တစ်ခုဖြစ်သည့်အပြင် ကိုဗစ်ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါဆိုင်ကလုံး၊ ရာဂီမုန်တိုင်း၊ ရေကြီးရေလျှံခြင်းနှင့် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် ငလျင်ကြီးများကို ကြုံတွေ့ခဲ့ရသောကြောင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရသည်ကို စစ်ခေါင်းဆောင်က စွဲကိုင်ပြောဆိုထားသည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားခြင်းသည် နှစ်နိုင်ငံလုံး အတွက် အကျိုးဖြစ်ထွန်းခြင်းမရှိသောကြောင့် ဖြေလျော့ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံသည်ဟုလည်း ထည့်သွင်းရေးသားထားသည်။
ထို့ကြောင့် အမေရိကန်၏ ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများအား ဖယ်ရှားကာ အပြန်အလှန် အခွန် ကောက်ခံမှုတို့ဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်နိုင်မည်ကို ယုံကြည်သည်ဟု ဆိုသည်။
အမေရိကန်က မြန်မာနိုင်ငံ အပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား၊ ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုနိုင်ငံများအား သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမည်ဟု ဇူလိုင်လ ၇ ရက်တွင် သက်ဆိုင်ရာနိုင်ငံများသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။ အဆိုပါစည်းကြပ်ခွန်နှုန်းထားအသစ်အတိုင်း ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်မှ စတင် ကောက်ခံမည်ဟုလည်း သိရသည်။