Saw Smith
ဧပြီ ၁၁ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ဧပြီလ ၁၁ ရက် ၊ နံနက် ၇နာရီဝန်ကျင်းခန့်တွင် မြဝတီမြို့ အပြင်ဘက် မဲကနယ်၊ ၂၇၅ ၊ ကုန်သွယ်ရေးဇုန် စသည့်နေရာတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက သံလွင်ခက်ကိုပြောသည်။
လေကြောင်းမှလာရောက်တိုက်ခိုက်မှုကို မြဝတီမြို့တွင်းရှိပြည်သူများလည်း ကြားသိကြရပြီး မြေနီကုန်း၊ရေပူစမ်းစသည့်နေရာများတွင် အသံများဟိန်းထွက်နေ၍ ကြောက်စရာကောင်းသည်ဟု ဒေသခံတစ်ဦးကပြောသည်။
မြဝတီမြို့အပြင်ဘက်တစ်ဝိုက်တွင် ယခုဧပြီလ ၄ရက်မှ ၉ ရက်အထိ ၆ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှအထိအခိုက်များ သည်ဟု ယမန်နေ့ညတွင် ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယနေ့နံနက်ပိုင်း၌ လေကြောင်းမှလာရောက်တိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်းရှိ၊ မရှိအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းထားရာ လတ်တလောတွင် ပြန်လည်မဖြေကြားသေးပေ။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ မြဝတီမြို့ခံ အမျိုးသားတစ်ဦးက “အတွင်း မဲကနယ် ဗိုလ်မုတ်သုန်တပ်ရင်း၁၀၂၂ နားမှာ အခုမနက်ပိုင်းတိုက်ပွဲဖြစ်ပြီး အဝိုင်းခံရတဲ့ အခြေအနေမှာ လေယာဥ်နဲ့ လာပစ်တာလို့ကြားတယ် “ဟုသံလွင်ခက်ကို ပြောသည်။
ထိုင်း–မြန်မာနယ်စပ် မြဝတီမြို့အပြင်ဘက်တွင် ပြီးခဲ့သောမတ်လ ၂၅ ရက်မှစ၍ ယခုလအထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဥ်နီးပါးကြားနေရသည်ဟု မြဝတီမြို့ခံများကပြောသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3504
Website ->https://eng.thanlwinkhet.net