သံလွင်ခက်
မတ်၂၇၊ ၂၀၂၃။
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြေပြင်ရောက် ရဲဘော်များထံက သိရသည်။
တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ် နန့်လှန်ကျေးရွာကိုဖြတ်၍ စစ်ရေးလှုပ်ရှားလာစဉ် KIA ပူးပေါင်းတပ်တို့က ဆီးကြိုတိုက်ခိုက်ခြင်းဖြစ်ပြီး ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုရှေ့တန်းရောက် ရဲဘော်အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“စစ်ကောင်စီဘက်ကတော့ ၄ ယောက်၊ ၅ ယောက်လောက် သေတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ၂၀ လောက်ရှိတယ်။ ကျွန်တော်တို့ဘက်က အများကြီးဖြစ်တာ မပါဘူး။ နည်းနည်းထိခိုက်တာတော့ ရှိတယ်။ ဒါပေမယ့် အားလုံးလမ်းလျှောက်နိုင်ကြတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက် ၊ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့သည်ဟု အခြားရှေ့တန်းမြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန့်လှန်ကျေးရွာသို့ တပ်ဆုတ်ပြီး ယခုချိန်ထိ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲလျက်ရှိသည်ဟု မြေပြင်ရဲဘော်များက သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်ကို မြေပြင်စစ်ကြောင်းသာမက လေကြောင်းဖြင့်လည်း တိုက်ခိုက်လျက်ရှိသည်ဟု မြေပြင် သတင်းရင်းမြစ်များထံက သိရသည်။
မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ရွှေကူမြို့နယ် မံဝိန်းကျေးရွာက ကျေးရွာခန်းမဆောင် ပျက်စီးခဲ့သည်။
ထို့ပြင် စီသောင်ကျေးရွာက နေအိမ်နှစ်လုံး မီးလောင်ပျက်စီးကာ နွား ငါးကောင်သေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် မတ်လ ၂၃ ရက်နေ့ကလည်း KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ရင်းမှူး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တပ်ဖွဲ့ဝင် သုံးဦးခန့်သေဆုံးခဲ့သည်ဟု ရှေ့တန်းရဲဘော်များက ပြောဆိုထားသည်။
လတ်တလော တိုက်ပွဲများကြောင့် ရွှေကူမြို့နယ်၊ နန့်လှန်ကျေးရွာ၊ စီမူကြီးကျေးရွာ၊ စီမူလေးကျေးရွာအပြင် မံဝိန်းကျေးရွာ၊ စီသာကျေးရွာနှင့် စီသောင်ကျေးရွာက ဒေသခံ တစ်သောင်းခန့် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရသည်။
ပုံစာ–ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo-Crd