နန်းဆုပန်ခန့်
မတ်လ ၂၃၊ ၂၀၂၃။
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ ၁ ၊ ကျိုက်ထိုမြို့နယ်အတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်ရင်းများကကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ဒဏ်ရာရရှိမှုများရှိနေသည်ဟု ကေအဲန်ယူဗဟိုကသတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်း မတ်လ ၂၀ ရက်နေ့ ညနေ ၇း၀၀ နာရီဝန်းကျင်အချိန်တွင် ကျိုက်ထိုအခြေစိုက် တပ်မ၄၄လက်အောက်ခံ အမတ–၆၀၂ မှ လက်နက်ကြီးများကို ကျေးရွာများအတွင်းသို့ ထပ်မံပစ်ခတ်ခဲ့သည်။
ထိုလက်နက်ကြီးပစ်ခတ်မှုသည် အလူးကျေးနယ်အတွင်းသို့ ၄ လုံး ကျရောက်ပေါက်ကွဲပြီး ထိုလက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးကာ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
လက်နက်ကြီးများမှာ ၁၂၀မမ အမျိုးစားများဖြစ်ပြီး အလူးကျေးနယ် ကရဝေးဆိပ်ရွာ ဦးကုလား၏ နေအိပ်ခြံဝန်းအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးဦးကုလား အသက် ၅၄ နှစ်၏ ချိုင်းအောက်၊ အမျိုးသမီးဖြစ်သူ ဒေါ်ပိုအသက် ၄၉ နှစ်၏ ဦးခေါင်း နှင့် ဦးကုလားအိမ်နှင့် လမ်းတစ်ဖက်ကမ်းရှိ ဦးစိုးဝင်း၏ သမတ်ဖြစ်သူ အသက် ၃၁နှစ်အရွယ် ကိုအောင်လွင် အားဝမ်းဗိုက်နှင့် လက်မောင်းပြင်းထန်စွာထိခိုက်ခဲ့သည်။
ဦးကုလားမှာ လက်နက်ကြီးထိခိုက်မှုပြင်းထန်သောကြောင့် နေရာတွင်သေဆုံးခဲ့ပြီး ဦးကုလား၏ဇနီးဖြစ်သူဒေါ်ပိုမှာဦးခေါင်းဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်ရခြင်းမရှိသော်လည်း ကိုအောင်လွင်မှာ ပြင်းထန်ဒဏ်ရာကြောင့် ဆေးရုံသို့အသွားလမ်းခုလပ်တွင် သေဆုံးခဲ့ရသည်။
ယခု မတ်လ ၁၆ရက်၌လည်း ညနေ ၈း၂၀ နာရီအချိန်တွင် ကျိုက်ထိုအခြေစိုက် တပ်မ–၄၄ လက်အောက်ခံခမရ–၂၀၇ နှင့် အမတ–၃၁၀ မှ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ်၊ ၃ ဇီးပြောင်း ကျေးရွာအတွင်းသို့လက်နက်ကြီး ၁၂၀မမ နှစ် လုံးနှင့် ၁၀၅မမ ဟုယူဆရသော လက်နက်ကြီး ၂ လုံး စုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့သည်။
ထိုပစ်ခတ်မှုကြောင့်ရာဘာခြံအတွင်းရှိ ဦးသံချောင်း၏ တဲဘေးတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၁ နှစ်အရွယ်ရှိ ဦးသံချောင်း၏ ဘယ်ဖက်လက်ကောက်ဝတ်နှင့် ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကာ ပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူ လျှက်ရှိရာမစိုးရိမ်ကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီစစ်တပ်၏ တပ်မ–၄၄ လက်အောက်ခံ ခမရ–၂၀၇၊ ခလရ–၂၊ ခမရ–၂၊ အမတ၆၀၂ နှင့် အမတ–၃၁၀တပ်ရင်းများက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟုသိရသည်။
လက်နက်ကြီးများဖြင့်ပစ်ခတ်နေမှုကြောင့် ကျိုက်ထိုမြို့နယ် အတွင်းရှိ ဇီးပြောင်းကျေးနယ်၊ ဝင်းကံ ကျေးနယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်၊ ကျောက်ဖျာ ကျေးနယ်၊အလူးကျေးနယ်၊ငှက်ပျောတော ကျေးနယ် နှင့် ဝင်းကလောကျေးနယ် များတွင် ကျရောက်ပေါက်ကွဲမှုများရှိနေပြီး ဒေသခံ အရပ်သားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများခံစားနေကြရကာ မကြာခဏထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် စားဝတ်နေရေး အခက်အခဲများလည်းကြုံနေရသည်ဟုသိရသည်။