မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံသည်ဟု မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်စုစည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ ( FPNCC ) က မတ်လ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။
FPNCC ၏ လုပ်ငန်းအစည်းဝေးကို ဝ ပြည်နယ်၊ ပန်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ် ၊ မတ်လ ၁၅ ရက်မှ ၁၆ ရက်ထိ နှစ်ရက်တာကျင်းပခဲ့ပြီးနောက် အချက် ၇ ချက်ပါ လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းဝေးကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းအရှေ့အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA )၊ နှင့်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရာတွင် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံး၌ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးအသွင်ဆောင်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လမ်းကြောင်းများကိုတွန်းအားပေး လုပ်ဆောင်မှုများသည် တရုတ်နှင့် အာဆီယံဆောင်ရွက်မှု တူညီသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်သည်။
၎င်း ” အာဆီယံနဲ့ တရုတ်က လက်တွေ့လုပ်ဆောင်မှုတွေမှာ တူတယ်လို့ပြောနိုင်တာပေါ့ အနေထားကတော့လမ်းကြောင်းနှစ်ခုပေါင်းစည်းနိုင်ဖို့လိုတာပေါ့ လက်နက်နဲ့မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းဖို့ဆိုတဲ့ဟာကို လက်ခံလာဖို့လိုတာပေါ့ အဲ့လိုလမ်းကြောင်းပေါ် ရောက်လာမှသာလျှင် အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့မြင်တယ် ” ဟုဆိုသည်။
ထို့ပြင် ကိုဗစ်ကာလများတွင် နှောင်ကြိုးမဲ့အကူအညီများပေးအပ်ခဲ့သည့် တရုတ်အစိုးရကို ကျေးဇူးတင်ရှိပြီးတရုတ်အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေးလူမှုရေးနှင့် လူမှုဝင်၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းများကို ပူးပေါင်းလုပ်ဆောင်များမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် တရုတ်အစိုးရ၏ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် FPNCC အဖွဲ့ဝင်များဖြစ်ဖြစ်သည့် UWSA၊ KIA၊ NDAA ခေါင်းဆောင်များနှင့် တစ်ဖွဲ့ချင်းစီ သွားရောက်တွေ့ဆုံခဲ့သည်။
ထို့နောက် အာရှရေးရာဆိုင်ရာအထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် မတ်လ ပထမအပတ်တွင် နေပြည်တော်၌အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ပုံစာ – “ဝ” ပြည်နယ် ပန်ဆန်းတွင် FPNCC အဖွဲ့ဝင်များ တွေ့ဆုံခဲ့သည့် မြင်ကွင်း။
Photo – Ta’ang State News