ကန်ချနပူရီဒေသအတွင်း ယမန်နေ့အစောပိုင်းက လူမှောင်ခိုသမားတစ်ဦး အရှိန်ပြင်းစွာ မောင်းနှင်လာသောယာဉ် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ဦး ပါဝင်သည်ဟု ထိုင်းသတင်းများမှ သိရသည်။
အာဏာပိုင်များ၏ အဆိုအရ ယမန်နေ့ နံနက် ၁:၃၀ နာရီခန့်တွင် စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်းက ရပ်တန့်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့ရာ အရှိန်ပြင်းစွာမောင်းနှင်လာသော အဆိုပါယာဉ်သည် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မိပြီးနောက် လမ်းဘေးရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းက ရွှေ့ပြောင်းလုပ်သား ၂၈ ဦးကို ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။ လုပ်သားများမှာ ယာဉ်ပျက်၏ ကွဲအက်နေသော ပြတင်းပေါက်များမှတစ်ဆင့် တွားထွက်ခဲ့ကြရပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဟု သိရသည်။
အဆိုပါအဖွဲ့တွင် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦး ပါဝင်သည်။ ၎င်းတို့သည် သဘာဝနယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဆန်ခလပူရီခရိုင်သို့ ဝင်ရောက်ခဲ့ပြီးနောက် ထာခနွန်ရှိ ဘန်ထာဖယ်ကျေးရွာသို့ ဝိဇိရလောင်ကွန်းဆည်ရေပြင်ကို စက်လှေဖြင့် ဖြတ်ကူးကာ ယခုကားပေါ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။
၎င်းတို့ တစ်ဦးချင်းစီသည် ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်နယ်များတွင် အလုပ်လုပ်ကိုင်ရန်အတွက် လူမှောင်ခိုသမားများအား တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြား ပေးချေခဲ့ရသည်ဟု ဆိုကြသည်။
သတင်း- Bangkok Post
