ခင်သရဖီဦး
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ နှစ်ဦး သေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန်တွင် ပလက်ဝမြို့ရှိ၊ ဆေးရုံအနီးနှင့် ဗိုလ်တဲတို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး သုံးလုံး ကြဲချခဲ့သည်ဟု အသက် ၃၀ အရွယ် ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဗုံး သုံးလုံး ဆက်တိုက်ပစ်ချခဲ့တာပါ။ ဆေးရုံအနီးအနားနဲ့ ဗိုလ်တဲ ပတ်ဝန်းကျင်ကို တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နေအိမ်တွေ ပျက်စီးသွားတာလည်းရှိပါတယ်။ လူက နှစ်ဦး သေသွားပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဒဏ်ရာရရှိထားသူများထဲမှ နှစ်ဦးမှာလည်း ပြင်းထန်စွာ ထိခိုက်ထားသည်ဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်ကလည်း ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းနေအရွယ် ကလေး ၂၃ ဦးသေဆုံးခဲ့သည်။
စက်တင်ဘာလ ၂၆ ရက်တွင်လည်း တောင်ကုတ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းတော်ကြီးကျောင်းဆောင် တစ်ဆောင် ပြိုပျက်သွားကာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်း သံတွဲကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုကြောင့် စက်တင်ဘာ ၁၂ ရက်မှ စက်တင်ဘာ ၂၈ အထိ သုံးပတ်အတွင်း ရခိုင်ပြည်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား ၃၁ ယောက်သေဆုံးခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာပြီးနောက်ပိုင်း ၎င်း လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများအား ပြန်လည် ရယူနိုင်ရန် မြေပြင်မှ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသည်။