ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်နှင့်ပလက်ဝမြို့နယ်တို့၌ ယခုလအတွင်းတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနေသည်ဟု သက်ဆိုင်ရာ CDF အဖွဲ့အသီးသီးထံမှ သိရသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလမှစ၍ ချင်းပြည်နယ်၊ မတူပီမြို့၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု မတူပီ CDF ကထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် ထယ်ဘွေးတပ်စခန်းမှမတူပီမြို့ပေါ်သို့ မတူပီ–ပလက်ဝလမ်းအတိုင်းပြန်လည်ထွက်ခွာပြီးဖြစ်ရာ မတူပီ–ပလက်ဝလမ်းနှင့် မတူပီ–ဘွေရားလမ်းများကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ခွင့်ပြုချက်မပါဘဲ အသုံးမပြုကြရန် သတိပေးထားသည်။
ထို့နောက် မတူပီ–ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်များကို ဝလံပီနှင့် ကလားကြား(ကလောင်စိုင်း)တွင် မတူပီ CDF မှ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီတပ်မှ၁၀ ဦးသေဆုံးပြီး အပြားအများဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့တွင် မတူပီ CDFက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များနှင့် ပလက်ဝ CDF များသည်လည်း ယခုလ ဒုတိယအပတ်အစပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ကို ပလက်ဝ CDFက ဗီဒီယိုမှတ်တမ်းဖြင့် ဖော်ပြထားသည်။
ယနေ့တိုက်ပွဲနှင့်ပတ်သက်၍ ပလက်ဝCDF ထံသံလွင်ခက်က ပလက်ဝCDFထံ မေးမြန်းထားသော်လည်းလက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ သို့သော်လည်း မတ်လ ဒုတိယအစပိုင်း၌တိုက်ပွဲများတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ပလက်ဝမြို့နယ် ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာ ကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ်၊ ထေဘွေ့စခန်းသို့ အင်အားဖြည့်တင် လာသည့် စစ်ကောင်စီတပ်နှင့် CNA ၊ CDF-Paletwa ပူးပေါင်းတပ် တို့ကြား မတ်လ ၉ရက်တွင် ၂ ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ၈ ဦးသေဆုံးကာ ၁၅ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု Chinland Defence Force -Paletwa ကထုတ်ပြန်ထားသည်။
မတ်လ ၈ ရက်တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ်၊ ထေဘွေ့စခန်းသို့အင်အား ဖြည့်တင်းလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ပလက်ဝCDF က ကိန်းကန်းကုန်ကျေးရွာနှင့်စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး၍ ၁၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ပလက်ဝ CDF ကထုတ်ပြန်ထားသည်။
ဗီဒီယို–ယနေ့နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ကို ပလက်ဝ CDF ကဖော်ပြထားမှုမှတ်တမ်း။