ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီတပ် ရိက္ခာကားအစီး ၈၀ ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ ခန့်ပါစစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံးခဲ့သည်ဟုကျောက်ထုPDFက ယနေ့တွင်သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် ယခုလမတ်လ၁၂ရက်၊ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိညအိပ်ကြပြီး ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တပြင်းကျေးရွာမှ ကျောက်ထုဘက်သို့ စတင်ထွက်ခွာခဲ့သည်။
ထိုသို့ထွက်ခွာလာစဥ် တပြင်းကျေးရွာအနောက်ဘက် တပြင်းပုံညာလမ်းပိုင်းတွင် ပဒေသာမိုင်းကြီး ၆လုံးတွဲနှင့်ကားမိုင်းကြီး ၁လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်အပြီး ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ( ၃၊၄၊၅၊၈၊၉၊၁၃) ပူးပေါင်းတပ်ဖွဲ့များမှနေရာ ၃ နေရာခွဲ၍ ၃ကြိမ် လက်နက်ကြီးလက်နက်ငယ်များဖြင့် အနီးကပ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင်နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများဖြင့်တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုင်းဆွဲမှုနှင့်ပစ်ခတ်မှုတို့ကြောင့် စစ်ကား ၂ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကျောက်ထုPDFက ဖော်ပြထယးသည်။
ထို့နောက်စစ်ကောင်စီတပ်ယာဥ်တန်းသည် မတ်လ၁၃ရက် နေ့လည်ပိုင်းတွင် ကျောက်ထုအမြောက်တပ်ထဲသို့ဝင်ရောက်သွားခဲ့သည်။
အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းမှ စစ်ကား ၃၂စီးနှင့် အင်အား ၂၅၀ ဦးဝန်းကျင်ပါအဖွဲ့သည် ယမန်နေ့မတ်လ၁၄ရက် ညနေပိုင်းတွင် ထွက်ခွာလာခဲ့ရာ ကျောက်ထု – ရွှေအောင်သာလမ်းပိုင်း ၂ နေရာတွင် ကျောက်ထု PDF ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၉) မှ ပဒေသာမိုင်း ( ၄၅)လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထို့နောက်ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု အမှတ် (၁) စစ်ဒေသ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၈)/(၉) ကျောက်ထု PDF (YRPA) တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
ထိုစစ်ကောင်စီတပ်ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။