ကရင်နီပြည်ဒီးမော့ဆိုအရှေ့ခြမ်းဒေသအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း (၃)ကြောင်း ဖြင့် နယ်မြေရှင်းလင်းရန်နှင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC တာဝန်ခံ ခူညေးရယ်က သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆို မြို့အတွင်းကို ဘောလခဲမြို့နယ်နှင့် လွိုင်ကော်ဘက်တို့မှ စစ်ကောင်စီတပ်စစ်ကြောင်းများကစစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်။ ဘောလခဲဘက်မှ လာသည့်အင်အား ၂၇၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းနှစ်ကြောင်းက ဒီးမော့ဆိုမြို့နယ်အတွင်းရောက်ရှိနေပြီး ကရင်နီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်သည်။
” ဒီးမော့ဆို ဒေါတမကြီးအုပ်စုထဲမှာ ဒီမနက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်။ ကျေးရွာ ၇ ရွာလောက်က ဒေသခံ၅၀၀၀ လောက် တနိုင်စာ ရိက္ခာတွေနဲ့ တောထဲရောက်ကုန်ပြီ ။ လောလောဆယ်တော့ ပိတ်မိတာတော့ မရှိသေးဘူး။ဒါပေမယ့် အခြေအနေက စစ်ကြောင်းတွေထပ်ချဲ့လာရင်တော့ ပိတ်မိနိုင်တဲ့ အခြေအနေရှိတယ် “ဟု KMIC တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းကို ဘောခလဲမြို့နယ်မှ အင်အား ၇၀ ဦးခန့်ရှိ စစ်ကြောင်းက မတ်လ ၇ ရက် နှင့် အင်အား၂၀၀ ခန့်ရှိ စစ်ကြောင်းက မတ်လ ၉ရက်တို့တွင် စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်သည်။
စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်ယမန်နေ့ မတ်လ၁၀ရက်၊ နံနက်(၆)နာရီအချိန်ခန့်တွင် (၁)နာရီခန့်အကြာကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းတို့သည် ဒီမောဆိုအရှေ့ခြမ်းဖြစ်သည့် ဒေါသဲရွာအတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ၁၄ ဦးသေဆုံးခဲ့ကာ ဒဏ်ရာအချို့ရရှိခဲ့သည်ဟု KMICက ဖော်ပြထားသည်။
ထို့ပြင် ယမန်နေ့တွင်ပင် ဒီးမော့ဆိုအရှေ့ခြမ်း၊ ဒေါတမြေးရွာ၏ အရှေ့ဘက် တောင်ပေါ်တွင် တက်လာသော စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်မှ စောင့်ကြို၍ ပြောက်ကျား ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သည်။
ထို့နောက် မတ်လ၁၀ရက် ၊နံနက် ၁၀: ၁၀ နာရီခန့်တွင် ဘောလခဲဖက်မှ တက်လာသောစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းအား ဒီးမော့ဆိုမြို့နယ် ပြောက်ကျားတပ်ဖွဲ့မှ ဒေါတမကြီး အုပ်စု၊ ဒေါညေးခူရွာ၏တောင်ဖက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထိခိုက်မှုရှိခဲ့သည်။
ဘောလခဲ ဗျူဟာမှ အင်အား ၇၀ရှိစစ်ကြောင်းနှင့် ဘောလခဲမြို့မှ ခမရ(၄၂၉)တပ်ရင်းနှင့် အမှတ်(၇၇) ခြေမြန်တပ်ရင်း ထုတ်နုတ်တပ် အပါအဝင် စုစုပေါင်းအင်အား၂၀၀ ခန့်သည် ဒီးမော့ဆိုမြို့နယ်အတွင်းရောက်ရှိနေပြီး လွိုင်ကော်ဘက်မှ စစ်ကြောင်းလည်း ဒီးမော့ဆိုဘက် ဆင်းလာနေသည်ဟု သိရသည်။
” လွိုင်ကော်–ဒီးမော့ဆိုမှာ တပ်မ ၆၆ ဗျူဟာရှိတယ်လေ။ အဲစစ်ကြောင်းက လွိုင်ကော်ကနေဆင်းလာနေပြီ။အင်အားတော့ မသိရသေးဘူး ။ တင့်ကားတွေတော့ပါတယ် ” ဟု ရင်နီတော်လှန်ရေးပူးပေါင်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းကို လက်ရှိစစ်ကြောင်းထိုးနေသည့်ရက်ပိုင်း၌ စစ်ကောင်စီတပ်က လေကြောင်းမှပျံဝဲမှုတချို့ရှိပြီး ဗုံးကြဲပစ်ခတ်မှုမရှိသော်လည်း လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ဆင်ရေးနှင့် နယ်မြေရှင်းလင်းရေးပြုလုပ်နိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလကတည်းက လူအင်အား၊ လက်နက်ခဲယမ်းအင်အားများကို ဖြည့်တင်းထားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးဆုံးပါက စစ်ဂျက်လေယာဉ်များဖြင့်ပါ စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ကြောင်း ကောလဟာလသတင်းများ ပျံ့နှံ့နေသည်ဟု KMIC တာဝန်ခံ ခူညေးရယ်က ပြောသည်။
လက်ရှိစစ်ကြောင်း ထိုနေစဥ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံတချို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ဒီးမော့ဆို အရှေ့ဖက်ခြမ်းတွင် လက်ရှိစစ်ကြောင်းထိုးနေမှုနှင့်တိုက်ပွဲများကြောင့် အရေးပေါ်ထွက်ပြေးနေကြရသည့် ဒေသခံပြည်သူ ၅၀၀၀ အပါအဝင် စစ်ရှောင်ဦးရေ ၁၅၀၀၀ ကျော်အထိရှိလာပြီဖြစ်သည်ဟု သိရသည်။
ပုံစာ–ဘောလခဲမြို့နယ်မှ စစ်ကြောင်းနှစ်ကြောင်းထိုးလာမှုကြောင့် ဒီးမော့ဆို ဒေါတမကြီး တစ်ဝိုက်ရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရမှု ။
ဓာတ်ပုံ-Karenni Free Burmaranger