မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ စစ်ကောင်စီတပ်အားပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်အဖွဲ့ ၃၀ ကျော်ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
ယမန်နေ့ မတ်လ၉ရက် နံနက် ၇နာရီခွဲခန့်တွင်ကာကွယ်မဟာမိတ်ပူးပေါင်းအဖွဲ့များက ကျောက်ခွက်ရေနံမြေ Well 2 အတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ် ၅၀ ဦးကျော်ကို ဒရုန်းများ၊လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် စီနင်းတိုက်ခိုက်ခဲ့သည်။
ထိုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်ချိန် ၅နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ခါနီးတွင် မဟာမိတ်ပူးပေါင်းအဖွဲ့များက ကျည်မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည် ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်ကျဆုံးမှုများနိုင်ပြီး မဟာမိတ်ပူးပေါင်းဖွဲ့ဘက်မှ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကျဆုံးမှုရှိခဲ့သည်ဟု Black God ပြောက်ကျားတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမိုးစက်ကသံလွင်ခက်ကိုပြောသည်။
“ရင်ဘတ်ကို လက်နက်ကြီးအစ ထိမှန်ပြီး ထိတဲ့နေရာမှာပဲ ကျခဲ့တာ၊၊ ကိုယ့်ရဲဘော်တစ်ယောက် အသက်ပေးခဲ့ရပြီးစခန်းသိမ်းခါနီးမှ ကျည်ကုန်လို့ပြန်ဆုတ်ခဲ့ရတာတော့ရင်နာတယ်၊၊ သူတို့နေတဲ့ အဆောက်အဦးတချို့တော့ မီးရှို့နိုင်ခဲ့တယ်“ဟု ၎င်းက ပြောသည်။
၅နာရီခန့်အကြာပြင်းထန်ခဲ့သော အဆိုပါတိုက်ပွဲတွင် တိုက်ပွဲဖြစ်ပွားပြီး ၂နာရီခန့်အကြာတွင် မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ
Mi 35 ရဟင်ယဉ်တစ်စီးဖြင့် သုံးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ကျားသစ်နက်တပ်မတော် တာဝန်ရှိသူတစ်ဦးကပြောသည်။
“လေယာဉ်လာပစ်တဲ့ချိန်မှာ ကျွန်တော်တို့ဘက်က ထိခိုက်မှုတော့မရှိခဲ့ဘူး။လေယာဉ် ပြန်သွားချိန်မှ သူတို့စခန်းထဲကို ထပ်မံဝင်ရောက် စီးနင်းခဲ့တာပါ” ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ပွဲအတွင်း မဟာမိတ်အဖွဲ့များတညီတညွတ်တည်း ပူးပေါင်းတိုက်ခိုက်ခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ထိုတိုက်ပွဲကို ကျားသစ်နက်တပ်မတော်Black Leopard Army တပ်ခွဲ ၃ ၊ Black God ပြောက်ကျားတပ်ဖွဲ့ ကျားသစ်နက် တပ်မတော် (B.L.P.A) ၏ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း တပ်ခွဲအားလုံး ၊ ယင်းမာပင်ခရိုင် အမှတ်၁၁ တပ်ရင်း၏ တပ်ခွဲအားလုံး ၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အပါဝင် အဖွဲ့ပေါင်း (၃၃)ဖွဲ့ဖြင့်ပူးပေါင်းစစ်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။