မုံရွာ–မန္တလေး ကားလမ်း မြေနဲရွာအနီးရှိ စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ဦး ပွဲချင်းပြီးသေဆုံးသည်ဟု သိရသည်။
ယခုလ မတ်လ၆ရက်၊ ည၁၁နာရီခန့်တွင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး ၆ဦးပွဲချင်းပြီး သေဆုံးသွားသည်ဟု Monywa Lightning PDF ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“ညဘက်အိပ်ချိန်ကြီး သွားပစ်တာ ၆ယောက်လဲကျသွားတာ တွေ့ခဲ့ရတယ်“ဟု ၎င်းကဆိုသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါဆီဆိုင်ရှိ စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာပြည်သူများကို အတင်းအဓမ္မ ငွေတောင်းခံနေပြီး ပြည်သူပိုင်စိုက်ခင်းများထဲမှ သီးနှံများကို ခိုးယူဖျက်ဆီးနေသည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force နှင့် မော်လိုက်ခရိုင်တပ်ရင်း(၂)၊မုံရွာခရိုင်လှုပ်ရှားတပ်ရင်း များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။