ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီများဖြင့် ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများက သံလွင်ခက်ကို ပြောသည်။
လက်နက်ကြီးပစ်မှုကြောင့် ပြည်သူအချို့တိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည် ဟုဒေသခံတစ်ဦးကပြောသည်။
ရွှေကူမြို့နယ်ရဲစခန်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည ဆယ်နာရီအချိန်ခန့်တွင် ရေလဲရွာနှင့်မိုးစစ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
“အိမ်တစ်အိမ်ရဲ့ ခြေရင်းကိုသွားကျတော့ ဘေးအိမ်က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးပေါင်ကို အစသွားမှန်တယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် မကြာခဏပစ်နေသည့်အတွက် ဒေသခံများမှာ ကျေးရွာများတွင် နေထိုင်နိုင်ခြင်းမရှိတော့ဟု ဆိုသည်။
“ပြေးရလွန်းလို့။ ရွာမှာလည်း လူတွေကုန်သလောက် ဖြစ်နေပြီ။ စိတ်ဓာတ်တွေလည်း ကျတယ် ။သူတို့(စစ်ကောင်စီတပ်)တွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဝင်လာတယ်ဆိုပြီး ပစ်တာ” ဟုဒေသခံတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် သုံးရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ လက်နက်ကြီးပစ်မှုကြောင့် ရေလဲရွာ ဒေသခံသုံးဦးထိခိုက်ဒဏ်ရာရကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ဖူးသည်။
ပုံစာ– ရွှေကူမြို့နယ်၊ ကျောက်တလုံးကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့်မြင်ကွင်း။Photo-Crd