မြေပြင်မှာ ပြုတ်ကျနေသည့် စားလက်စ စတီးဇလုံထဲက ထမင်းကြမ်းခဲဟာ သွေးတွေ အလိမ်းလိမ်းထ ပေကျံလို့ နေသည်။
ထိုစတီးဇလုံဘေးမှာတော့ သွေးအိုင်ငယ်တစ်ခုနှင့် သွေးတွေ စွန်းထင်ကျန်ရစ်နေသည့် ဖိနပ်တစ်ရံလည်း ရှိလို့နေသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း တစ်နေရာရှိ စစ်ရှောင် မိသားစုဝင် ငါးဦး နေထိုင်သည့် နေအိမ် တစ်ခုကို လက်နက်ကြီးထိမှန်ပြီးနောက် မြင်တွေ့ရသော မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်ရှောင်ပြည်သူများ နေထိုင်သည့် နေရာများကို လေကြောင်းအပါအအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ရှောင်စခန်းအနီး လေကြောင်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ် ပေါက်ကွဲသည့်အခါတိုင်း အမြဲလိုလို စခန်းပြောင်းရွှေ့နေရသည့် စစ်ရှောင်ပြည်သူများအတွက် ရှင်သန်ရာ မြေနေရာသည် တစ်စ တစ်စ ကျဉ်းမြောင်းလာခဲ့သည်။
ကရင်နီပြည် (ကယားပြည်နယ်) တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်းများက ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို ပိုမို ပစ်မှတ်ထား တိုက်ခိုက်လာသည်ဟု ကရင်နီပြည်နယ်အတွင်းမှ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ပြောပြချက်အရသိရသည်။
ရှမ်း – ကယားနယ်စပ် တစ်နေရာတွင် နေထိုင်သည့် အသက် ၂၇ နှစ်ဝန်းကျင်အရွယ် မထားလု (အမည်လွှဲ) သည် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။
စစ်ကောင်စီက စစ်ရှောင်စခန်းအနီးကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်အတွက် မထားလု စစ်ဘေးတိမ်းရှောင်ခဲ့စဉ်မှာလည်း နေရာမျိုးစုံ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်မှာ အနည်းဆုံး ငါးနေရာ ရှိခဲ့ပြီ ဖြစ်သည်။ တစ်ခါ ပြောင်းရွှေ့ရတိုင်း အခက်အခဲများစွာကို သူ ကြုံတွေ့ခဲ့ရသည်။
” ပထမဆုံးကတော့ နေရာထိုင်ခင်း၊ အဆိုးဆုံးကတော့ ပြေးရပြီဆိုရင် ရေနဲ့ မီးနဲ့ လုံးဝ မရှိတာ တစ်ခုပေါ့။ နောက်ပြီး ပြေးတဲ့အခါ လက်လှမ်းမှီတဲ့ နေရာတွေမှာဆိုရင် စားနပ်ရိက္ခာက ကိစ္စ မရှိပေမယ့် လက်လှမ်းမမှီတဲ့ နေရာတွေဆို စားနပ်ရိက္ခာအတွက် ဒုက္ခရောက်ရတယ် ” ဟု ဆိုသည်။
အသက်ရှင်သန်ရေး ဘေးလွတ်ရာ ထွက်ပြေးနေရသည့် မထားလုအပါအဝင် စစ်ရှောင်ပြည်သူများထဲတွင် တချို့ကတော့ လက်နက်ကြီးထိမှန်မှုကြောင့် အသက် ကြွေလွင့်ခဲ့ကြရသည်။
ထိခိုက်၊ ကြွေလွင့်ခဲ့ရသည့် စစ်ရှောင်များ
**************************
ဖေဖော်ဝါရီလ ၂၇ရက်တွင် မနက် ၁၁ နာရီခန့်၌ ဘောလခဲမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ တစ်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၇၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့သည်။
ယင်းနေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်လည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် စစ်ရှောင်စခန်းများရှိသည့် ဒီးမော့ဆို အနောက်ဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ဒီးမော့ဆို အနောက်ဘက်အခြမ်းရှိ စစ်ရှောင် မိသားစုဝင် ငါးဦး နေထိုင်သည့် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားဖြစ်သူနှင့် ညီမဖြစ်သူလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ထိုတစ်ရက်တည်း ည ၈ နာရီတွင် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ တစ်ရွာအတွင်းသို့ လက်နက်ကြီး သုံးလုံး ကျရောက်ခဲ့သည်။
လက်နက်ကြီး ကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး (ဗိုက်ပွင့် စိုးရိမ်ရ) နှင့် အသက် ရှစ်နှစ်အရွယ် ကလေး တစ်ဦး (နံရိုးထိ) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ထိုနေ့ ည ၉ နာရီဝန်းကျင်တွင်လည်း ဖယ်ခုံ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ အခြားသော ကျေးရွာ တစ်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် ကရင်နီ ( ကယား ) ပြည်နယ်၊ ၎င်းနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်များတွင် ဖေဖော်ဝါရီ ၂၇ တစ်ရက်တည်း၌ပင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
နောက်တစ်ရက် ဖေဖော်ဝါရီလ ၂၈ ည ၇:၂၀ နာရီကျော်အချိန်တွင် ဖယ်ခုံစစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စု၊ ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းတွင် စာကျက်နေသည့် အသက် ၁၉ အရွယ် ဆယ်တန်းကျောင်းသားနှင့် အသက် ၁၅ နှစ်အရွယ် ၎င်း၏ ညီဖြစ်သူတို့ သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံမြိုနယ်များတွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေး ဆိုင်ရာနေရာများအား လေကြောင်းဖြင့် စုစုပေါင်း (၆) ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က မတ်လ ၄ရက်တွင် ထုတ်ပြန်သည်။
လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား (၈) ဦး သေဆုံးခဲ့ရပြီး (၁၂ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ရက်ထဲ၌ပင် ထိုကဲ့သို့ ဒေသခံများ၊ စစ်ရှောင်စခန်းများရှိသည့် နေရာများကို ပစ်ခတ်ခြင်းသည် လူသားမျိုးနွယ်စုပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်တစ်ခုဖြစ်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ရာဇဝတ်မှု မြောက်တယ်ဆိုတဲ့ အဓိကအကြောင်းရင်းက သူတို့က တစ်နေရာကို ပစ်တာ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာ ဖြစ်တယ်။ ဥပမာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို မနက်ပိုင်း ပစ်တယ်။ နေ့ခင်းပိုင်း တစ်ချိန်တည်းမှာပဲ ဖရူဆိုဘက်ကို ပစ်တယ်။ ပြီးရင် ညပိုင်းကျတော့ ဖယ်ခုံမြို့နယ်ထဲက ရွာတွေနဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက ရွာတွေကို ပစ်တယ်။ အဲဒီတော့ စနစ်တကျကို နေရာအနှံ့အပြားကို တိုက်ခိုက်ခြင်းဖြစ်တယ်။ နောက်ပြီး လူထု ၊ စစ်ရှောင်ရှိတဲ့ အရပ်တွေကို ဒီလို တိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်စုပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှု တစ်ခုလို့ ပြောလို့ ရတယ် “ဟု ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် နှစ်နှစ်တာအတွင်း မထားလုသည် နေရာ ငါးကြိမ်တိုင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။
ထိုသို့ ငါးကြိမ်တိုင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မထားလု တစ်ယောက် သူအရင်နေထိုင်ခဲ့သည့် နေရပ်တွင် ပြန်လည် နေထိုင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
“တစ်ခါ ရွှေ့ပြောင်းရရင် အကုန်ကျလည်း အရမ်း များတယ်။ သူများ နေရာမှာ သွားနေတာမျိုးက လုံခြုံမှုလည်း ပိုရှိတယ် မထင်ဘူး။ ဘယ်နားနေနေ သူတို့ လုပ်ချင်ရင် ထထလုပ်တဲ့ ပုံစံတွေ အများကြီးဖြစ်နေတော့ အဆိုးဆုံးထိပဲ တွေးထားတယ်။ တစ်ခုခုဖြစ်ရင်လည်း ကိုယ်အိမ်မှာပဲ အဖြစ်ခံလိုက်တော့ သေစရာရှိရင်လည်း ကိုယ့်အိမ်မှာပဲ သေလိုက်တော့မယ်ဆိုပြီး ကိုယ့်အိမ်မှာပဲ ကိုယ်နေလိုက်တယ်” ဟု မထားလုက သူ၏ ဆုံးဖြတ်ချက်ကို ယခုကဲ့သို့ ပြန်ပြောသည်။
အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ကရင်နီပြည်နယ်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများနှင့် ပတ်သက်၍ အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု ၃၀၉ ဦးနှင့် စစ်ရှောင် သေဆုံးမှု ၁၃၀ ဦးထိ ရှိသည်ဟု ကရင်နီပြည်သူ့အင်အားစု PKPF က မတ်လ ၁ ရက်၌ ထုတ်ပြန်သည်။
စစ်ကောင်စီသည် ကရင်နီပြည်နယ်သာမက တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တချို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၆ နယ်မြေ အတွင်းရှိ လေးကေ့ကော်ဒေသခံအများစု စစ်ဘေးတိမ်းရှောင်နေသည့် ပလောတပို့စစ်ရှောင်စခန်းအနီးတွင် ဖေဖော်ဝါရီ ၂၂ ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း ပစ်ခတ်နေသည့် ကျည်ဆန်များသည် စစ်ရှောင်စခန်းရှိ တဲများအထိ ထိမှန်လာခဲ့သောကြောင့် စစ်ရှောင်ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း စစ်ရှောင် အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ကျည် ရှပ်ထိ ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီ တပ်မ ၄၄၊ ၆၆၊ ၇၇ မှ တပ်ဖွဲ့ဝင်များက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ ရွှေကျင် (ဆောထိ) မြို့နယ်ရှိ ညောင်ပင်ကြီး ကျေးရွာတွင်းသို့ ဖေဖော်ရီ ၂၃ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၃၅ နှစ်၊ အသက် ၆၆ နှစ် အရွယ် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ မုန်း (မူ) မြို့နယ်ရှိ ညောင်ပင်သာကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ လေကြောင်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ရှောင်စခန်းများ၊ ကျေးရွာများအတွင်းသို့ ပစ်ခတ်နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် စစ်ရှောင်များနှင့် ပြည်သူများသည် စိုးရိမ် ထိတ်လန့်စိတ်ဖြင့် နေ့စဉ် နေထိုင်ကြရသည်။
ထိုအခြေအနေဖြင့် နေထိုင်ရသည်မှ လွတ်မြောက်အောင် စစ်မဲ့ဇုန်တစ်ခုကို စစ်ရှောင်ပြည်သူများက မျှော်လင့် လိုလားနေကြသည်။
“ကျွန်မတို့ကို စစ်မဖြစ်တဲ့ ဇုန်နေရာ တစ်ခုဖြစ်ဖြစ် သတ်မှတ်ပေး ဘယ်နေရာပဲဖြစ်ဖြစ်။ ကျွန်မတို့အတွက် အသက် လုံခြုံတဲ့ စစ်မဖြစ်တဲ့ နေရာမှာပဲ တဲထိုးပြီး နေရ နေရ၊ ဆားနဲ့ပဲ စားရ စားရ နေချင်လိုက်တာ၊ နေလိုက်တော့မယ်ဆိုတဲ့ ခံစားချက်က အကုန်လုံးမှာ ရှိတယ်” ဟု ကရင်ပြည်နယ်အတွင်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေအရ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများသည် အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား အမြဲတစေ ခွဲခြားရမည်ဖြစ်ပြီး တိုက်ပွဲဝင်စစ်သည်များကို ဦးတည်တိုက်ခိုက်ရမည်ဖြစ်သည်။ အရပ်သားပြည်သူများကို ဦးတည် တိုက်ခိုက်ခြင်း မပြုရဟု ယင်း ဥပဒေက တားမြစ်ထားသည်။
စစ်တပ်တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ရှာဖွေခြင်းများ မပြုလုပ်ရန် စည်းကမ်းချမှတ်ထားသော်လည်း လက်တွေ့တွင် လုံးဝလိုက်နာခြင်းမရှိဟု CDM ဗိုလ်ကြီးထက်မြတ်က ဆိုသည်။
၎င်းက ” သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုတာ စာရွက်တွေပေါ်မှာ ရှိတယ်လို့ပြောရမယ်။ ဗန်းမော်မှာဖြစ်ခဲ့ဘူးတဲ့ ဆန္ဒပြပွဲတစ်ခုမှာဆိုလည်း အဲ့လိုပဲ ဆန္ဒပြပွဲဖြိုခွင်းဖို့မသွားခင် တန်းစီကွင်းထဲမှာ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ စစ်ခေါင်းဆောင်တစ်ယောက်က ကျွန်တော်တို့ကို ဒီလိုပဲ ပြောခဲ့ဖူးတယ် ပြည်သူတွေကို လုံးဝထိခွင့်မရှိဘူး ထိခိုက်အောင်လုပ်လို့မရဘူး ဆိုပြီးပြောတာမျိုးရှိတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မြေပြင်မှာကြ သူကိုယ်တိုင်ပဲ ပြည်သူတွေကို သေနတ်နဲ့ လိုက်ပစ်နေတာမျိုးတေွ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ အဲ့ဒါမို့ တကယ်လက်တွေ့မှာ လုံးဝလိုက်နာခြင်းမရှိဘူးဆိုတာကိုတော့ ကျွန်တော်တို့အားလုံးလဲ မျက်မြင်ပဲ ” ဟုဆိုသည်။
စစ်ကောင်စီက လုပ်ဆောင်နေသည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သား နေအိမ်အဆောက်အဦးများကို မီးရှို့ခြင်းနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများကို သတ်ဖြတ်ခြင်းများကို နိုင်ငံတကာအနေဖြင့် ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်မှုများလည်း ရှိခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း စစ်ကောင်စီကို တောင်းဆိုချက် ၆ ချက် တောင်းဆိုခဲ့သည်။
ထိုထဲတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ အရပ်သား နေအိမ် အဆောက်အအုံများကို မီးရှို့ခြင်းများကို ရပ်တန့်ရေးဆိုသည့် အချက် တစ်ခုလည်း ပါဝင်ခဲ့သည်။
အရပ်သားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သား၊ လက်နက်ကိုင်အဖွဲ့ဝင် ဟူ၍ မခွဲခြားတော့ဘဲ အားလုံးကို ရန်သူအဖြစ် သတ်မှတ်လာသည့်အတွက် ဖြစ်သည်ဟု CDM ဗိုလ်ကြီးထက်မြတ်က ဆိုသည်။
၎င်းက ” အခုချိန်မှာ စစ်တပ်က အရပ်သားရယ် လက်နက်ကိုင်ရယ်လို့ ခွဲခြားပြီး မသတ်မှတ်တော့ဘူး ပြောရမယ်။ အားလုံးကို သူတို့ရဲ့ ရန်သူလို သဘောထားလာတယ်။ အားလုံးကို သူတို့နဲ့ ဆန်ကျင်တဲ့ သူတွေလို့ သူတို့ သတ်မှတ်လာတယ်။ ဒါတွေ ဘာကြောင့်လဲပြောရင် တပ်ပြင်ထွက်လိုက်တာနဲ့ ဘယ်နေရာကမှ သူတို့အတွက် လုံခြုံမှု မပေးနိုင်တာရယ်၊ နေရာအနှံ့မှာ တော်လှန်ရေးအဖွဲ့တွေ ပိုပိုပြီး များလာတာတွေ နောက်တစ်ခုက ဘယ်နေရာမှာဖြစ်ဖြစ် သူတို့ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်တော့တဲ့ အခြေနေတွေကနေ ဒီလိုအကြောင်း ဖြစ်လာတာ ” ဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို ရပ်တန့်နိုင်ရန် နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ ဖိအားပေးမှုများ လိုအပ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ရှုမြင်သည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက “စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်တယ်။ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တာဖြစ်တာကြောင့် နိုင်ငံတကာ ဥပဒေကြောင်းအရလည်း ပုံစံအမျိုးမျိုးနဲ့ ဒီထက်မက ဖိအားပေးတာမျိုး၊ တစ်နိုင်ငံချင်းပဲဖြစ်စေ နောက်ဆုံး ဒီမိုကရေစီလမ်းကြောင်းပေါ်ထိ ပြန်ရောက်နိုင်ဖို့အတွက် ဖိအားပေးရင်တော့ ဒီလမ်းကြောင်းကတော့ အကောင်းဆုံးပေါ့။ ထိခိုက်နစ်နာမှု ပျက်စီးမှု အနည်းဆုံး လမ်းကြောင်း ဖြစ်တာပေါ့” ဟုဆိုသည်။
စစ်အာဏာသိမ်းစမှစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်တွင်း စစ်ပြေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၁,၉၁၂,၇၆၉ ဦးထက်မနည်း ရှိလာသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP – Myanmar က ၂၀၂၂ ခုနှစ်ကုန်တွင် ထုတ်ပြန်ထားသည်။ လက်နက်ကိုင်တိုက်ပွဲများ ပိုမြင့်တက်လာသည်နှင့် အမျှ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁,၃၅၅,၁၄၄ ဦးထက်မနည်း တိုးလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ကိုင် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ပိုမို မြင့်တက်လာသည့်အတွက် စစ်ရှောင်ပြည်သူများသည် တိမ်းရှောင်နေရင်းမှာပင် အလုပ်ကိုင်အခွင့်လမ်းရှားပါးမှု ၊ ငတ်မွတ်မှုဒဏ်များကိုလည်း ခံစားနေရသည်။
စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အရပ်သားနေရာများအပြင် စစ်ရှောင်စခန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် စစ်ရှောင်ပြည်သူများအနေဖြင့် ရှင်သန် နေထိုင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံသည့် အခြေအနေများနှင့်လည်း နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ရှင်သန်နေထိုင်ရေးအတွက် အမြဲလိုလို ပြောင်းရွှေ့နေကြရသည့် မြေကမ္ဘာသည်လည်း တစ်စစ ကျဉ်းမြောင်းခဲ့ရပြီ။
ထိုသို့ တစ်စစကျဉ်းမြောင်းလာခဲ့သည်နှင့် တပြိုင်တည်း အသက်လုံခြုံ ရှင်သန်နိုင်ရေးအတွက် နှစ်ဖက်အင်အားစုများဘက်မှ စစ်မဖြစ်သည့် နယ်မြေတစ်ခု သတ်မှတ်ပေးရေး မျှော်လင့်ချက်သည်လည်း စစ်ရှောင်များအတွက် အလှမ်းဝေးကွာနေဆဲပင်။