စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ထောင်လောင်ကျေးရွာမှ ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကိုပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက ” သူတို့ မနက်ထဲက ဒီဘက်ကမ်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်နေတာ။ ထောင်လောင်ရွာထဲ ကျပြီး ပြည်သူ ၃ ဦးထိသွားတာ ” ဟုဆိုသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို ရွှေကျင်ဆေးရုံမှတစ်ဆင့် ပဲခူးဆေးရုံသို့ လွှဲပြောင်းထားသည်ဟု နီးစပ်သူများက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ပုဇွန်မြောင်းကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခဲ့ခြင်းဟုဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်မှုကြောင့် ရွှေကျင်မြို့နယ်အတွင်းက စက်စု ၊ သက္ကယ်ကုန်း၊ စံဖဲ နှင့် ထောင်လောင် စသည့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင် ) တပ်မဟာ(၃)၊ မုန်းမြို့နယ် ( မူးမြို့နယ် ) ၊ တုံးတောကျေးရွာ၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီ ခမရ–၅၉၉ တပ်က တုံးတောကျေးရွာမှ ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီး(၁၂၀)မမ ဖြင့် ပစ်ခတ်ခဲ့သည်။
အဆို လက်နက်ကြီးသည် မမြင့်မြင့်ဆန်းတို့ သားအမိသုံးဦး ထမင်းစားနေစဉ် ၎င်းတို့၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးထိမှန်မှုကြောင့်အသက်(၃၈)နှစ်ရှိသူ မမြင့်မြင့်ဆန်း သေဆုံးခဲ့ရပြီး ကျန်ရှိခဲ့သည့် အသက်(၁၂)နှစ်အရွယ် သမီးမနှင်းမြတ်မွန်မှာ ညာဘက်ခြေထောက် ထိမှန်ခဲ့ကာ အသက်(၅) နှစ်အရွယ် သားဖြစ်သူ မောင်ရန်လင်းထက်မှာ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း (၂၀) အတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ကြောင့် ပြည်သူ (၁၃၁) ဦး သေဆုံးခဲ့ပြီး (၂၉၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။
ပုံစာ – လက်နက်ကြီး ပစ်ခတ်မှုကြောင့် KNU နယ်မြေအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမြင်ကွင်း။
Photo – KNU