စစ်ကောင်စီခေါင်းဆောင် လိုလားသူများ၊ မိတ်ဖက်များ အနေဖြင့် ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိအနိုင်ရကာလွှတ်တော်သို့ ရောက်ရှိလာနိုင်သည်ဟု လေ့လာသူများက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီ ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၁(က)အရ ပြိုင်ဘက်မရှိလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နိုင်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအာကာမျိုးထက်က သံလွင်ခက်ကိုပြောသည်။
“ဒီဥပဒေကို အကာအကွယ်ယူပြီးတော့ စစ်ကောင်စီဘက်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေမှာ တစ်လွဲအသုံးချလာနိုင်ပါတယ်။ သူတို့ဖြစ်စေချင်တဲ့သူပဲ ကိုယ်စားလှယ်ဖြစ်လာမယ့်သဘောရှိတယ်။ တော်တော်ကိုရုပ်ပျက် အကျည်းတန်မယ့် ရွေးကောက်ပွဲပါ” ဟု ၎င်းကပြောသည်။
ထိုဥပဒေသည် ဝေးလံခေါင်ဖျား၍ ကိုယ်စားလှယ်ရှားပါးသည့် ဒေသများတွင် ပြည်သူများနစ်နာမှုမရှိစေရန်ပြဌာန်းထားခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောသည်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၁။ (က) အရ မဲဆန္ဒနယ်တစ်နယ်တွင် ရွေးကောက်ပွဲတင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကျင်းပခြင်း မပြုတော့ဘဲထိုပုဂ္ဂိုလ်အားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ကြေညာရမည်ဟု ဖော်ပြထားသည်။
အဆိုပါဥပဒေသည် နယ်မြေတည်ငြိမ် အေးချမ်းမှု အခြေအနေနှင့် မသက်ဆိုင်ဘဲ ယှဉ်ပြိုင်သူမရှိပါကအလိုအလျောက် ကိုယ်စားလှယ်အဖြစ် သတ်မှတ်နိုင်သည်ဟု ရေဦးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။
၎င်းက “နယ်မြေမတည်ငြိမ်တာနဲ့မဆိုင်ဘဲ ပြိုင်ဘက်ပါတီက ဝင်မပြိုင်တာမျိုးဆို တစ်ပါတီက တစ်ဦးတည်းဆိုအလိုအလျောက်အနိုင်သတ်မှတ်တာပါ။ အပြေးပြိုင်ပွဲလိုပေါ့ တစ်ဦးတည်းစာရင်းပေးတဲ့အတွက် မပြေးခိုင်းတော့ဘဲ ဆုပေးလိုက်တာမျိုးပါ” ဟုပြောသည်။
၂၀၁၅ ခုနှစ်က မြင်းမူမြို့နယ်တွင် NLD ပါတီကိုယ်စားပြုတိုင်းကိုယ်စားလှယ်တစ်ဦး မဲပေးမည့်နေ့မတိုင်မီရုတ်တရက်ကွယ်လွန်သည့်အတွက် ဒုတိယရသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလိုအလျောက် ရွေးချယ်ခံခဲ့ရဖူးသည်။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသော်လည်း မဲပေးသူ ငါးဆယ့်တစ်ရာခိုင်နှုန်းမပြည့်လျှင် အထမမြောက်နိုင်ဟု တရားလွှတ်တော်ရှေ့နေဦးမင်းမင်းက ဆိုသည်။
“ပုဒ်မ ၅၀ အရ မဲဆန္ဒနယ်တစ်ခုလုံးရဲ့ မဲပေးခွင့်ရှိတဲ့ ၅၁ ရာခိုင်နှုန်းသောပြည်သူတွေက မဲပေးရင်တော့အထမြောက်တယ်။ မပြည့်ရင် အဲဒီနယ်မြေရဲ့ မဲပေးမှုကို အသစ်ပြန်လုပ်ရမယ်။ တော်လှန်ရေးအင်အားစုဘက်ကပြည်သူလုထုကိုယ်တိုင်က ရွေးကောက်ပွဲကို လက်မခံဘူးဆိုတဲ့ ပုံရိပ်တော့ တက်မှာပေါ့” ဟု ဦးမင်းမင်းကပြောသည်။
စစ်ကောင်စီ ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအထိ အာဏာသိမ်းကာလကို သုံးကြိမ်သက်တမ်းတိုးခဲ့ပြီး ယခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည်။
သို့သော် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အဖွဲ့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်သည့်အတွက် တရားမဝင်ရွေးကောက်ပွဲကြောင့်အမတ်ဖြစ်လာသူအားလုံးသည်လည်း ပျက်ပြယ်ပြီးဖြစ်သည်ဟု NUG ၏ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကသံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီဘက်က နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီအပါအဝင် ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် တို့သည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည်။
ပုံစာ–စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့်ကြံ့ခိုင်ရေးပါတီဥက္ကဌနှင့် ရှမ်းပြည်နယ်က တိုင်းရင်းသား စာပေယဉ်ကျေးမှုကော်မတီဝင်များတွေ့ဆုံမှုမြင်ကွင်း။
Photo-KY